ရှေ့သို့
Image

ဝုဗ်ကို ရှုံးနိမ့်ပြီးနောက် တော့ဒ်ဘိုလေ ပေးပို့လာတဲ့ သတင်းစကားကို ထုတ်ဖော်ပြောပြလိုက်တဲ့ ပိုချက်တီနို

3:06 PM, 7 February

ဝုဗ်ကို ရှုံးနိမ့်ပြီးနောက် အသင်းပိုင်ရှင်တွေဖြစ်တဲ့ တော့ဒ်ဘိုလေနဲ့ အက်ဂ်ဘာလီတို့ထံမှ အလွန်ကောင်းမွန်တဲ့ သတင်းစကားကို ရရှိခဲ့တယ်လို့ ပြောပြရင်း ချဲလ်ဆီးဘုတ်အဖွဲ့ရဲ့ထောက်ခံမှုကို ဆက်လက်ရရှိထားတယ်လို့ ပိုချက်တီနိုက အခိုင်အမာပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်၊ ဝုဗ်ကို အရေးနိမ့်မှုက ချဲလ်ဆီးရဲ့အခုရာသီ ၁၀ ပွဲမြောက် ပရီးမီးယားလိဂ်ရှုံးပွဲ ဖြစ်လာပြီး အမှတ်ပေးဇယားအဆင့်-၁၁ နေရာဆီ ရောက်ရှိသွားပါတယ်။ လက်ရှိမှာ အနောက်လန်ဒန်ကလပ်က လာမယ့်ရာသီချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့် ရရှိမယ့် TOP 4 ထက် တန်းဆင်းဇုန်နဲ့တောင် ပိုမိုနီးကပ်လာခဲ့ပါတယ်။

တနင်္ဂနွေနေ့ရှုံးပွဲအတွင်း အိမ်ကွင်းပရိသတ်တွေက အသင်းပိုင်ရှင်ဟောင်း အေဗရာမိုဘစ်ချ်နဲ့ နည်းပြဟောင်းမော်ရင်ဟိုတို့ရဲ့အမည်ကို အော်ဟစ်ကာ လက်ရှိအသင်းကို လှောင်ပြောင်ရှုံ့ချခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့ညပိုင်း၊ အက်စတွန်ဗီလာနဲ့ ရင်ဆိုင်ရမယ့် အရေးပါတဲ့ အက်ဖ်အေဖလားပြန်ကန်ပွဲစဉ် မတိုင်ခင် ပိုချက်တီနိုက တော့ဒ်ဘိုလေထံမှ ယုံကြည်မှုကို အပြည့်အဝရရှိထားတယ်လို့ ပြောပါတယ်။

ပွဲကြိုသတင်းစာရှင်းလင်းပွဲအတွင်း ပိုချက်တီနိုက ချဲလ်ဆီးအသင်း ပိုင်ရှင်တွေရဲ့ယုံကြည်မှုကို ဆုံးရှုံးသွားပြီဆိုတဲ့ ဆွေးနွေးမှုမျိုး မကြားမိပါဘူးလို့ ရှင်းပြခဲ့ပါတယ်။

သူက “ဝုဗ်နဲ့ပွဲစဉ်အပြီးမှာ ချဲလ်ဆီးအသင်း ပိုင်ရှင်တွေဆီကနေ အရမ်းကောင်းတဲ့ သတင်းစကားတစ်ခု ကျွန်တော်လက်ခံရရှိခဲ့ပါတယ်။ ဒီသတင်းစကားမှာ ကျွန်တော်တို့အားလုံး အတူတကွရှိနေပါတယ်။ ဟုတ်ပါတယ်။ ဒါက အမြဲတမ်းလိုလို ခက်ခဲတဲ့အလုပ်တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် တချိန်တည်းမှာပဲ ဒါက စိတ်လှုပ်ရှားစရာကောင်းသလို ခက်ခဲတဲ့ ပရောဂျက်တစ်ခုလည်း ဖြစ်ပါတယ်။ အခုလိုအခိုက်အတန့်မျိုးမှာ ကျွန်တော်တို့က ပျော်စရာမကောင်းတဲ့ အခြေအနေတစ်ခုဆီ ရောက်ရှိနေပါတယ်။ ကျွန်တော်တို့ သင်ယူနိုင်ရပါမယ်။ ဒါက သင်ယူဖို့ အခွင့်အလမ်းကောင်းတစ်ခုလည်း ဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကစားသမားတွေကို အစည်းအဝေးတွေမှာ အရင်ထက်တောင် သူတို့အပေါ် ယုံကြည်မှုရှိလာတယ်လို့ နေ့တိုင်းပြောဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့မှာ ရှိနေတဲ့ ကစားသမားတွေကို အပြည့်အဝယုံကြည်ထားပါတယ်။ ကျွန်တော်တို့က ဒီအခိုက်အတန့်ကို ရင်ဆိုင်ရမှာဖြစ်ပြီး အလှည့်အပြောင်းတွေပြုလုပ်ကာ ပွဲစဉ်တွေကို အနိုင်ယူနိုင်ရမယ်ဆိုတာကိုလည်း သိထားပါတယ်”လို့ ပြောပါတယ်။

ချဲလ်ဆီးက ဇန်နဝါရီလနှောင်းပိုင်း၊ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းအတွင်း ဗီလာနဲ့ရင်ဆိုင်ရတဲ့ စတုတ္ထအဆင့်ပွဲစဉ်မှာ အနိုင်ရရှိနိုင်မယ့် အခွင့်အရေးကောင်းတွေ အများကြီးရရှိခဲ့ပေမယ့် လွဲချော်သွားခဲ့ပါတယ်။

ပိုချက်တီနိုက “စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဗီလာနဲ့ပွဲစဉ်ကို ကျွန်တော်တို့ အကောင်းဆုံး ကစားနိုင်ခဲ့တယ်ဆိုတာ အမှန်တရားဖြစ်ပါတယ်။ ဘောလုံးကတော့ ဒါမျိုးပါပဲ။ ကျွန်တော်တို့က အတိတ်ကို ပြောင်းလဲပစ်လို့ မရပေမယ့် အနာဂတ်ကိုတော့ ထုဆစ်လို့ ရပါတယ်။ ကစားသမားတွေကိုလည်း အသင့်ဖြစ်နေဖို့ ကျွန်တော်တို့ ပြောခဲ့ပြီးပါပြီ။ ကစားသမားတွေကိုတော့ အကဲဖြတ်ရပါဦးမယ်။ အကဲမဖြတ်ရသေးတာကြောင့် ဘယ်သူကိုပွဲထွက်စေမလဲဆိုတာ မဆုံးဖြတ်ချင်သေးပါဘူး”လို့ ဆက်ပြောခဲ့ပါတယ်။

#ချဲလ်ဆီး #ဝုဗ် #ပိုချက်တီနို #တော့ဒ်ဘိုလေ #ပရီးမီးယားလိဂ်