ရှေ့သို့
Image

အင်တာမီလန်ဆီ တရားဝင်ပြောင်းရွှေ့သွားတဲ့ ဘိုင်ယန်မြူးနစ်နောက်ခံလူ ပါဗက်

10:53 AM, 31 August

ထင်ကြေးနဲ့ ကောလာဟလတွေ ပြည့်နှက်နေတဲ့ ကာလတစ်ခုကို ဖြတ်သန်းခဲ့ပြီးနောက် ပါဗက်ဟာ ဘိုင်ယန်မြူးနစ်မှ ထွက်ခွာပြီး အင်တာမီလန်ဆီ တရားဝင်ပြောင်းရွှေ့ရောက်ရှိသွားပါပြီ။

စိန်ခေါ်မှုအသစ်နဲ့ ပတ်ဝန်းကျင်အသစ်ကို လိုလားနေတဲ့ ပါဗက်အတွက် ဒီအပြောင်းအရွှေ့က ဝရုန်းသုန်းကားကာလတစ်ခုကို အဆုံးသတ်စေခဲ့တာပါ။ ဒါပေမယ့် ဘိုင်ယန်မြူးနစ်ကတော့ အစားထိုးကစားသမားမရရှိခင်အထိ ပါဗက်ကို အသင်းမှာ ဆက်ထိန်းထားဖို့ လိုလားခဲ့ပါတယ်။

အခုအချိန်မှာတော့ ပြင်သစ်နောက်ခံလူဟာ သူ့ရဲ့ကစားသမားဘဝကို အီတလီမြေမှာ ဆက်လက်ဖြတ်သန်းဖို့ အခွင့်အရေးရရှိခဲ့ပါပြီ။ ဘိုင်ယန်မြူးနစ်စီအီးအို ဒရက်ဆန်ကလည်း ပါဗက်ရဲ့အနာဂတ်လမ်းကြောင်း ဖြောင့်ဖြူးစေဖို့ ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဝက်ဘ်ဆိုဒ်မှ ထွက်ပေါ်လာတဲ့ သတင်းထုတ်ပြန်ချက်တစ်ခုအတွင်း ဒရက်ဆန်က “ကျေးဇူးတင်ပါတယ် ပါဗက်ရေ။ အောင်မြင်တဲ့လေးနှစ်တာကာလကို အတူတကွဖန်တီးနိုင်ခဲ့လို့ ကျွန်တော်တို့က ပါဗက်အပေါ် ကျေးဇူးတင်သွားရပါမယ်။ ကျွန်တော်တို့ကလပ်အသင်းရဲ့ သမိုင်းဝင်နှစ်တွေမှာ သူက အသင်းရဲ့အဓိက ကစားသမားအဖြစ် ရှိနေခဲ့ပါတယ်။ အထူးသဖြင့် ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပါဗက်က အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ ကစားသမားပါ။ ကျွန်တော်တို့က စိန်ခေါ်မှုအသစ်တစ်ခုနဲ့ရင်ဆိုင်ချင်တဲ့ သူ့ရဲ့ဆန္ဒအပေါ် လေးစားပေးရမှာဖြစ်ပြီး ဒါကြောင့်ပဲ အင်တာမီလန်ဆီ ပြောင်းရွှေ့ဖို့ ခွင့်ပြုပေးခဲ့တာပါ။ အီတလီမြေရဲ့ စီးရီအေပြိုင်ပွဲမှာလည်း အောင်မြင်မှုတွေ ရယူပြီး အကောင်းဆုံးဖြစ်လာပါစေလို့ ကျွန်တော်တို့ ဆုတောင်းပေးပါတယ်”လို့ ဖော်ပြထားပါတယ်။

ဘိုင်ယန်မြူးနစ်ကစားသမားဘဝမှာ ပါဗက်က အသင်းအတွက် အားကိုးရသလို နေရာစုံမှာ ပါဝင်ကစားပေးခဲ့သူလည်း ဖြစ်ပါတယ်။ အင်တာမီလန်ကတော့ သူ့ကို ဗဟိုခံစစ်မှူးအဖြစ် ပွဲထွက်ခွင့်ပေးမယ်ဆိုတဲ့ မက်လုံးနဲ့ ဆွဲဆောင်ခဲ့တယ်လို့ ယူဆရပါတယ်။ ဒီလိုမျိုးပွဲထွက်ခွင့်ပေးမှုကို ဘိုင်ယန်မြူးနစ်ဘက်က ပါဗက်အတွက် မလုပ်ဆောင်ပေးနိုင်ခဲ့ပါဘူး။

ပါဗက်က မြူးနစ်အခြေစိုက်ကလပ်အတွက် ပြိုင်ပွဲစုံ ၁၆၃ ပွဲကစား၊ ၁၂ ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။

#အင်တာမီလန် #အပြောင်းအရွှေ့ #ဘိုင်ယန်မြူးနစ် #ပါဗက်