ရှေ့သို့
Image

ဘာစီလိုနာတိုက်စစ်မှူး ဖာတီကို ခေါ်ယူနိုင်ဖို့ နီးစပ်နေတဲ့ ဘရိုက်တန်

9:51 AM, 31 August

ဘရိုက်တန်အသင်းဟာ ဘာစီလိုနာမှာ ပုံမှန်ပွဲထွက်ခွင့်မရှိတာကြောင့် ယခုနွေရာသီမှာပဲ အသင်းကနေ ထွက်ခွာဖို့စိတ်အားထက်သန်နေတဲ့ အန်ဆူဖာတီကို အပြောင်းအရွှေ့ကာလ မကုန်ဆုံးခင်မှာပဲ အလျင်အမြန်ခေါ်ယူဖို့ကြိုးပမ်းနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း လန်ဒန်ကလပ်တွေဖြစ်တဲ့ ချဲလ်ဆီးနဲ့ တော့တင်ဟမ်တို့ဟာ ဖာတီကိုခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ကြသော်လည်း ဘရိုက်တန်ကပါ အပြောင်းအရွှေ့ထဲ ဝင်ရောက်လာခဲ့ပြီး စပိန်လက်ရွေးစင်ကစားသမားကို ခေါ်ယူနိုင်ရေးမှာ  ထိပ်ဆုံးကနေ ဦးဆောင်နေတာဖြစ်ပါတယ်။

အသင်းနည်းပြ ဇာဗီရဲ့လက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့်ပျောက်‌ဆုံးနေတာကြောင့် ဖာတီအနေနဲ့ မကြာသေးမီကပဲ ဘာစီလိုနာမှထွက်ခွာပြီး ပုံမှန်ပွဲထွက်ခွင့်ရရှိနိုင်မယ့် နေရာသို့ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဖာဘရီဇီယိုရိုမန်နိုရဲ့အရ ယခုအခါဘာစီလိုနာဟာ ကစားသမားကို အငှားနဲ့ထွက်ခွာခွင့်ပြုသွားမှာဖြစ်ပြီး ဘရိုက်တန်ရဲ့ တရားဝင်ကမ်းလှမ်းချက်ကို သဘောတူညီဖို့ ပြင်ဆင်နေပြီလို့သိရှိရပါတယ်။

ဖာတီလို ကစားသမားတစ်ယောက်အနေနဲ့ ယခုလို အပြောင်းအရွှေ့ကာလ ပိတ်သိမ်းကာနီးမှာ ဘရိုက်တန်သို့ ပြောင်းရွှေ့ရန်နီးစပ်နေခြင်းက အထင်ကြီးလောက်စရာခြေစွမ်းကောင်းတွေ ပြသထားအောင်စွမ်းဆောင်ထားနိုင်တဲ့ ဘရိုက်တန်အသင်းနည်းပြ ဒီဇာဘီက အဓိက သော့ချက်ဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။

ဘရိုက်တန်ဟာ ယခုနှစ်များအတွင်းမှာ ပါရမီရှင်လူငယ်ကစားသမားများကို ဆက်တိုက်မွေးထုတ်ထားပြီး လက်ရှိနွေရာသီမှာ ကမ္ဘာ့ဖလားချန်ပီယံ မက်အလစ္စတာနဲ့ အီကွေဒေါကြယ်ပွင့် ကိုင်စီဒိုတို့ကို လီဗာပူးနဲ့ ချဲလ်ဆီးအသင်းတို့ထံ တန်ကြေးကြီးကြီးမားမားနဲ့ရောင်းချထားနိုင်ခဲ့တာဖြစ်ပါတယ်။

#ဘာစီလိုနာ #ဘရိုက်တန် #အပြောင်းအရွှေ့ #ဖာတီ