ရှေ့သို့
Image

ဂန္တဝင်ကွင်းလယ်လူတစ်ဦးနဲ့ ခိုင်းနှိုင်းကာ ပက်ဒရီကို ချီးကျူးခဲ့တဲ့ ဘာစီလိုနာနည်းပြဇာဗီ

4:06 PM, 2 February

ဒီနေ့မနက်ပိုင်း၊ ဘက်တစ်ကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်အတွင်း ခြေစွမ်းပြသခဲ့တဲ့ ကွင်းလယ်လူပက်ဒရီကို အင်နီယေစတာလိုအဆင့်အတန်းမှာ ရှိနေတဲ့ကစားသမားလို့ ဘာစီလိုနာနည်းပြဇာဗီက ချီးကျူးလိုက်ပါတယ်။

၂၀၂၂-၂၀၂၃ ဘောလုံးရာသီ၊ လာလီဂါအမှတ်ပေးပြိုင်ပွဲမှာ လက်ရှိချန်ပီယံရီးရဲလ်မက်ဒရစ်အပေါ် အမှတ်ဖြတ်ဦးဆောင်နေတဲ့ ဘာစီလိုနာအသင်းအတွက် ပက်ဒရီက အရေးပါတဲ့ကဏ္ဍမှာ ပါဝင်နေပြီး ခြေစွမ်းပြကစားနေပါတယ်။

ဘာစီလိုနာနည်းပြဇာဗီကတော့ အသက်-၂၀ နှစ်အရွယ်ကစားသမားရဲ့ခြေစွမ်းဟာ ကလပ်ဂန္တဝင် အင်နီယေစတာနဲ့ နှိုင်းယှဉ်ဖို့ မဖြစ်နိုင်သေးပေမယ့် သူ့ဆီမှာ အင်နီယေစတာလို ဘောလုံးစွမ်းရည်ကောင်းတွေ ရှိနေတာ သေချာတယ်လို့ ပြောဆိုလာပါတယ်။

“အင်နီယေစတာက နောက်တစ်ဆင့်မှာ ရှိနေတဲ့ ကစားသမားပါ။ သူ့လိုကစားသမားမျိုး ကျွန်တော် သိပ်မမြင်ဖူးပါဘူး။ ပက်ဒရီကလည်း အရည်အချင်းရှိတဲ့ကစားသမားဖြစ်သလို အင်နီယေစတာလို အဆင့်အတန်းမျိုးမှာ ရှိနေပါတယ်။ အင်နီယေစတာကတော့ သူ့ရဲ့အဆင့်အတန်းကို ရေရှည်ထိန်းထားနိုင်တဲ့အထိ ကောင်းမွန်လွန်းတဲ့သူပါ။

လက်ရှိအချိန်မှာ ပက်ဒရီနဲ့ အင်နီယေစတာကို နှိုင်းယှဉ်မယ်ဆိုရင် အင်နီယေစတာကပဲ အသာရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အင်နီယေစတာက နှစ်ပေါင်းများစွာ ဘောလုံးကစားနေခဲ့လို့ ဖြစ်ပါတယ်။ ကျွန်တော့်အတွက်ဆိုရင်လည်း အင်နီယေစတာက စပိန်ဘောလုံးလောကမှာ ပေါ်ထွက်ဖူးသမျှ အရည်အသွေးအမြင့်ဆုံးကစားသမားပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ပက်ဒရီကလည်း အရမ်းကောင်းပါတယ်။ သူ့မှာ အဲ့ဒီလိုအရည်အသွေးတွေ ရှိပါတယ်”လို့ နည်းပြဇာဗီက ပြောဆိုပါတယ်။

ဒီနေ့မနက်ပိုင်း၊ ဘက်တစ်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်ရလဒ်ပိုင်းကြောင့် ဘာစီလိုနာဟာ အခုရာသီလာလီဂါပွဲစဉ် ၁၉ ပွဲကစား၊ ရမှတ် ၅၀ အထိစုဆောင်းထားနိုင်ခဲ့သလို ပေးဂိုးမှာလည်း ၇ ဂိုးသာ ခွင့်ပြုထားရပါတယ်။ ဒီလိုစွမ်းဆောင်ရည်ပိုင်းက အမှတ်ပေးချန်ပီယံဆုဆွတ်ခူးနိုင်တဲ့ အသင်းရဲ့ စွမ်းဆောင်ရည်မျိုး ဖြစ်ပါတယ်။

ဇာဗီက “ကျွန်တော်တို့အသင်းက ဒီနေ့ပွဲစဉ်မှာ အရမ်းကောင်းခဲ့ပါတယ်။ အရမ်းကောင်းတဲ့ စွမ်းဆောင်ရည်ပါ။

ပွဲကို အစောပိုင်းမှာပဲ ဦးဆောင်ခွင့်ရခဲ့သင့်ပေမယ့် ကျွန်တော်တို့ဟာ ကိုယ့်ကိုကိုယ်ပြန်ခက်ခဲအောင် လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က အနိုင်ရလဒ်ရရှိခဲ့ပါတယ်။

ရလဒ်အတွက်တင်မကဘဲ ကစားပုံအတွက်ပါ ကျေနပ်မိပါတယ်။ ဒီပွဲစဉ်စွမ်းဆောင်ရည်ပိုင်းက ပြီးခဲ့တဲ့သီတင်းပတ်ကုန် ဂျီရိုနာနဲ့ကစားခဲ့တဲ့ပွဲစဉ်ထက် ပိုကောင်းခဲ့သလို အရမ်းလည်း ကျေနပ်မိပါတယ်။

ကျွန်တော်တို့က ဘောလုံးပိုင်ဆိုင်မှုကို ထိန်းချုပ်နိုင်ခဲ့ပြီး ကွင်းရဲ့အချို့နေရာတွေမှာ အရမ်းကောင်းတဲ့စွမ်းဆောင်ရည်အချို့ကို ထုတ်ပြနိုင်ခဲ့တယ်။ ဘယ်ကစားသမားကိုမှ လူစားမလဲချင်ခဲ့ပါဘူး။ စိတ်အားထက်သန်မှုနဲ့ စိတ်ခွန်အားတွေက အခုဘောလုံးရာသီမှာ အောင်မြင်မှုရရှိဖို့ အခြေခံအကြောင်းတရားတွေ ဖြစ်ပါတယ်”လို့ ဆက်ပြောခဲ့ပါတယ်။

#ဘာစီလိုနာ #ဘာစီလိုနာ #ပက်ဒရီ