ရှေ့သို့
Image

မူအာနီအတွက် ပီအက်စ်ဂျီရဲ့ဒုတိယအကြိမ် ကမ်းလှမ်းချက်ကို ဖရန့်ဖတ် ပယ်ချ

3:55 PM, 29 August

ဖရန့်ဖတ်ဟာ အသင်းရဲ့တိုက်စစ်မှူး ရန်ဒယ်ကိုလိုမူအာနီကို ခေါ်ယူဖို့ကမ်းလှမ်းလာခဲ့ ပီအက်စ်ဂျီရဲ့ ဒုတိယအကြိမ် ကမ်းလှမ်းချက်ကို လက်ခံခြင်းမရှိဘဲ ပယ်ချသွားမှာဖြစ်တယ်လို့သိရှိရပါတယ်။

Sky Germany ရဲ့အဆိုအရ ကစားသမားအတွက် ပီအက်စ်ဂျီရဲ့ နောက်ဆုံးကမ်းလှမ်းချက်ဟာ ယူရိုသန်း ၈၀ ဝန်းကျင် တန်ကြေးရှိသော်လည်း ဘွန်ဒက်စ်လီဂါကလပ် ဖရန့်ဖတ်က လုံလောက်ခြင်းမရှိဘူးလို့ယူဆထားကြောင်း သိရှိရပါတယ်။ ယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်ရဲ့ အစောပိုင်းကာလကတည်းက မူအာနီရဲ့အပြောင်းအရွှေ့ဟာ ခေါင်းကြီးပိုင်းသတင်းအဖြစ် ထွက်ပေါ်နေခဲ့ပြီး ဖရန့်ဖတ်က ကစားသမားရဲ့တန်ကြေးကို ယူရိုသန်း ၁၀၀ အထိသတ်မှတ်ထားတာဖြစ်ပါတယ်။

ပီအက်စ်ဂျီဟာ မူအာနီကိုအပြိုင်ခေါ်ယူမယ့် ပြိုင်ဘက်အသင်းမရှိသော်လည်း ဖရန့်ဖတ်က တောင်းဆိုထားတဲ့ ဈေးနှုန်းကို မတန်မဆဖြစ်နေတယ်လို့ ယူဆထားတာကြောင့် ယခုအချိန်အထိ အပြောင်းအရွှေ့အထမမြောက်သေးတာဖြစ်ပါတယ်။ သို့သော် ပီအက်စ်ဂျီအနေနဲ့ မူအာနီကို မခေါ်ယူနိုင်ပါက အရန်သင့်ထုတ်သုံးရန် တိုက်စစ်မှူး အက်ကီတီကီရှိနေပြီး ဖရန့်ဖတ်အနေနဲ့လည်းအဆိုပါ တိုက်စစ်မှူးကို မူအာနီနေရာမှအစားထိုးရန်ရည်ရွယ်နေတာကြောင့် နှစ်ဘက်သင်းအကြား ပိုမိုအဆင်ပြေစေမယ့်နည်းလမ်းတွေနဲ့ ညှိနှိုင်းဖို့လိုအပ်နေတာဖြစ်ပါတယ်။

ဖရန့်ဖတ်အသင်းက အက်ကီတီကီကိုခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် အဆိုပါအချက်ဟာ ပီအက်စ်ဂျီအတွက် အခွင့်အရေးဖြစ်လာနိုင်ပြီး ဖရန့်ဖတ်ရဲ့တောင်းဆိုချက်တွေကို လိုက်လျောလိုခြင်းမရှိသော်လည်း ကစားသမား+ငွေ‌ကြေး ကမ်းလှမ်းချက်နဲ့ မူအာနီကိုခေါ်ယူဖို့ အသုံးချနိုင်တာဖြစ်ပါတယ်။ အသက်-၂၁ နှစ်အရွယ် အက်ကီတီကီဟာ ယခုနွေရာသီကမှ ပီအက်စ်ဂျီသို့ အငှားစာချုပ်နဲ့ရောက်ရှိလာသော်လည်း နွေရာသီဈေးကွက်ကာလ မကုန်ဆုံးခင်မှာပဲ အသင်းမှထွက်ခွာဖို့အပြင်းအထန်ချိတ်နေတာဖြစ်ပါတယ်။

ပြင်သစ်သားကို ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းနဲ့ စီးရီးအေကလပ် အေစီမီလန်တို့က အပြိုင်စိတ်ဝင်စားနေကြသော်လည်း ပီအက်စ်ဂျီဟာ မူအာနီကို ခေါ်ယူရေးအတွက် အသုံးချသွားလိုတာကြောင့် ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။ မူအာနီကလည်း ဖရန့်ဖတ်မှထွက်ခွာဖို့ စိတ်အားထက်သန်နေတာကြောင့် ပီအက်စ်ဂျီနဲ့ ဖရန့်ဖတ်တို့နှစ်သင်းစလုံးဟာ နှစ်ဦးနှစ်ဘက်အဆင်ပြေစေမယ့် ဘုံသဘောတူညီချက်ကို ရှာတွေ့နိုင်ဖို့စေ့စပ်ညှိနှိုင်းမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

ယခု ၂၀၂၃-၂၄ ရာသီမှာတော့ မူအာနီဟာ ဖရန့်ဖတ်အတွက် ပွဲထွက်ကစားထားပြီးဖြစ်ပြီး ပြီးခဲ့တဲ့ ဒမ်စတက်နဲ့ပွဲစဉ်မှာ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒါအပြင် ဥရောပကွန်းဖရန့်လိဂ် ပထမအကျော့ပွဲစဉ်အဖြစ် လက်ဗ်စကီဆိုဖီယာနဲ့ယှဉ်ပြိုင်ခဲ့ရာမှာလည်း အသင်းရဲ့လူစာရင်းမှာပါဝင်ခဲ့တာဖြစ်ပါတယ်။

သို့သော် ပြီးခဲ့တဲ့အပတ်က မိန့်ဇ်နဲ့ပွဲစဉ်မှာ မူအာနီဟာ ပြိုင်ဘက်ဂိုးပေါက်ကို တစ်ကြိမ်မှကန်သွင်းနိုင်ခဲ့ခြင်းမရှိတာကြောင့် မိနစ် ၇၀ မှာ လူစားလဲခံခဲ့ရပြီး ၎င်းရဲ့စွမ်း‌ဆောင်ရည်ဟာ မေးခွန်းထုတ်စရာတော့ဖြစ်ခဲ့ပါတယ်။

#ဖရန့်ဖတ် #ပီအက်စ်ဂျီ #အပြောင်းအရွှေ့ မူအာနီ