ရှေ့သို့
Image

အနားယူခဲ့တဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြင်မယ်ဆိုပါက ဟာဇက်ကို ခေါ်ယူဖို့အသင့်ရှိတယ်လို့‌ပြောကြားလာတဲ့ ကီဗင်နိုလန်

4:57 PM, 12 October

ဝက်စ်ဟမ်းအသင်းရဲ့လက်ထောက်နည်းပြ ကီဗင်နိုလန်က ဘောလုံးလောကမှအနားယူကြောင်းကြေညာခဲ့တဲ့ ချဲလ်ဆီးဂန္ထဝင်ကစားသမားဟောင်း အေဒင် ဟာဇက်အနေနဲ့ အနာဂတ်မှာ ဆုံးဖြတ်ချက်ကိုပြန်လည်ပြုပြင်မယ်ဆိုပါက သေချာပေါက်ခေါ်ယူဖို့ အသင့်ရှိတယ်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။

အသက်-၃၂ နှစ်အရွယ်သာရှိသေးတဲ့ ဘယ်လ်ဂျီယံသားဟာ ပြီးခဲ့တဲ့ရာသီကုန်က ရီးရဲလ်မက်ဒရစ်မှ ထွက်ခွာလာခဲ့ပြီးအသင်းလက်မဲ့ဖြစ်နေကာ ယခုအခါ ပရော်ဖက်ရှင်နယ်ဘောလုံးကစားသမားဘဝမှ အနားယူကြောင်း ရုတ်တရက်ကြေညာခဲ့တာဖြစ်ပါတယ်။ ဟာဇက်ဟာ ချဲလ်ဆီးအသင်းနဲ့အတူ ၂၀၁၂ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ကစားသမားဘဝအကောင်းဆုံး အချိန်တွေကိုပိုင်ဆိုင်ခဲ့သော်လည်း ရီးရဲလ်မက်ဒရစ်သို့ပြောင်းရွှေ့ကာ ၄ ရာသီကြာကစားပြီးနောက်မှာတော့ ၇၆ ပွဲမှာ ၇ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၄ နှစ်အတွင်း ဟာဇက်ဟာ ဒဏ်ရာပြဿနာတွေနဲ့ရုန်းကန်ခဲ့ရပြီး ကြံ့ခိုင်မှုပြဿနာ‌တွေရှိနေသော်လည်း ဝက်စ်ဟမ်းလက်ထောက်နည်းပြ ကယ်ဗင်နိုလန်ကတော့ ဟာဇက်ဟာ ထိပ်တန်းဘောလုံးလောကမှ ယှဉ်ပြိုင်နိုင်စွမ်းရှိသေးတယ်လို့ ယူဆနေပြီး ဝက်စ်ဟမ်းအသင်းသို့ စမ်းသပ်ခေါ်ယူလိုနေတာဖြစ်ပါတယ်။
ဘယ်လ်ဂျီယံသားဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမတိုင်ခင်အထိ အသက်-၃၃ နှစ်ပြည့်ဦးမှာမဟုတ်သေးတာကြောင့် နိုလန်က ဟာဇက်ဟာ လာမယ့်လများအတွင်း  ဆုံးဖြတ်ချက်ကိုပြုပြင်ကာ ဘောလုံးလောကသို့ ပြန်လည်ရောက်ရှိလာနိုင်တယ်လို့ ယူဆနေပါတယ်။

talkSPORT သို့ နိုလန်က "ကျွန်တော်တို့ ဝက်စ်ဟမ်းမှာ ချဲလ်ဆီးရဲ့ဟာဇက်ကို‌ခေါ်ထားနိုင်ပါတယ်။ သူ့အနေနဲ့ အသင်းမှာ အစမ်းကစားချင်ရင်ပဲဖြစ်ဖြစ် ကျွန်တော်တို့ကတော့ လိုလိုလားလားနဲ့ ခေါ်ထားလိုက်မှာသေချာပါတယ်။ ဒေးဗစ်မိုယက်စ်အနေနဲ့တော့ ဘယ်လိုသဘောထားမလဲ ကျွန်တော်‌မသိပါဘူး။ ကျွန်တော်ကတော့ သူ့ကိုသေချာပေါက် စမ်းကြည့်ချင်ပါသေးတယ်။ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး နှစ်တွေမှာ သူက သူ့ရဲ့အကောင်းဆုံးဂိုးတွေနဲ့အတူ တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်ခဲ့ပါတယ်။ သူ့လိုကစားသမားတစ်‌ယောက်က အသက်-၃၂ နှစ်အရွယ်လေးနဲ့ ဘောလုံးလောကနေ အနားယူလိုက်တာ ဝမ်းနည်းစရာပါ။ ကျွန်တော်ကတော့ သူ့ကို ထိပ်တန်းဘောလုံးလောကမှာ နောက်ထပ်နှစ်တွေအများကြီး ရပ်တည်နိုင်သေးတယ်လို့ ယုံကြည်ပါတယ်။ သူ့အနေနဲ့ နောက်ထပ် ၆ လ ဒါမှမဟုတ် ၁ နှစ်အတွင်းမှာ  ဘောလုံးလောကထဲပြန်ဝင်လာမယ်ဆိုရင် ကျွန်တော်ကတော့ အံ့ဩမှာမဟုတ်ပါဘူး။ ဒီလိုကစားသမားတွေအများကြီးရှိပါတယ်။ ကျွန်တော်မှတ်မိပါသေးတယ်။ ပေါလ်စခိုးတုန်းက ဘောလုံးလောကကနေ အနားယူပြီးမှ ဆာအဲလက်စ်ဖာဂူဆန်က ဖုန်းဆက်ပြီး ပြန်ခေါ်တော့ "ကျွန်တော်ပြန်လာခဲ့မယ်" လို့ပြောပြီး ကွင်းထဲပြန်ဝင်လာခဲ့တာပါပဲ။ အခုလည်း တစ်ယောက်ယောက်က ဟာဇက်ကို အလိုရှိပြီး ၆ လလောက် လာကစားပေးပါဦးလို့တောင်းဆိုလိုက်ရင် သူပြန်လာနိုင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။

#ချဲလ်ဆီး #ရီးရဲလ်မက်ဒရစ် #ဟာဇက် #ပရီးမီးယားလိဂ်