ရှေ့သို့
Image

တိုက်စစ်မှူး လူကာကူကို ရိုးမားသို့ ပေါင် ၅ သန်းနဲ့ အငှားချရန် သဘောတူလိုက်တဲ့ ချဲလ်ဆီး

9:45 AM, 29 August

ချဲလ်ဆီးအသင်းဟာ တိုက်စစ်မှူး လူကာကူကို ရိုးမားသို့အငှားချရန် ပေါင် ၅ သန်းနဲ့သဘောတူညီမှု ရရှိခဲ့တာကြောင့် ကစားသမားဟာ စီးရီးအေသို့ တစ်ကျော့ပြန်လည်ရောက်ရှိလာပြီး ဆရာဟောင်းမော်ရင်ဟိုနဲ့ ပူးပေါင်းသွားတော့မှာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ယခုအခါမှာတော့ ဘယ်လ်ဂျီယံကြယ်ပွင့်ကို အငှားစာချုပ်နဲ့ ထွက်ခွာခွင့်ပြုနိုင်ခဲ့တာကြောင့် ကစားသမားရဲ့ လတ်တလောအနာဂတ်မရေရာမှုပြဿနာကို ဖြေရှင်းနိုင်ခဲ့တာပဲဖြစ်ပါတယ်။ အငှားစာချုပ်အရ ချဲလ်ဆီးအသင်းဟာ ကစားသမားအတွက် ပေါင် ၅ သန်းသာ ရရှိမှာဖြစ်ပြီး လူကာကူကလည်း ရိုးမားအသင်းထံမှ လက်ရှိလစာထက်လျော့နည်းတဲ့အခကြေးငွေကို ရရှိသွားမှာဖြစ်ပါတယ်။  

သို့သော်လည်း အသက်-၃၀ နှစ်အရွယ်တိုက်စစ်မှူးအနေနဲ့ အငှားစာချုပ်အပြီး ချဲလ်ဆီးသို့ပြန်လည်ရောက်ရှိလာပါက လက်ရှိ တစ်ပတ်လုပ်ခပေါင် ၃ သိန်း ၂ သောင်းမှ လျှော့ချခံရဖွယ်ရှိနေပေမယ့် ပြန်လည်ပြင်ဆင်ထားတဲ့စာချုပ်အရ ချဲလ်ဆီးဟာ လူကာကူကိုစာချုပ်ဖျက်သိမ်းလိုပါက ပေါင် ၃၇ သန်းအထိပေးချေသွားရမှာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ယခုနွေရာသီအတွင်း လူကာကူကို အပြီးသတ်ရောင်းချဖို့ရည်ရွယ်ထားပြီး ဆော်ဒီကလပ် အယ်လ်ဟီလယ်ရဲ့ ကမ်းလှမ်းမှုကို သဘောတူညီရန် စိတ်အားထက်သန်ခဲ့ပေမယ့် ကစားသမားက ဆော်ဒီမြေသို့ ပြောင်းရွှေ့ဖို့ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် လူကာကူဟာ အင်တာမီလန်သို့ပြန်လည်ရောက်ရှိရန် နီးစပ်ခဲ့ပေမယ့် ချဲလ်ဆီးအသင်းဟာ ဂျူဗင်တပ်စ်နဲ့လည်းချိတ်ဆက်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးနဲ့ ဂျူဗင်တပ်စ်တို့ ကစားသမားကိုပြောင်းရွှေ့ရေး ညှိနှိုင်းနေစဉ်မှာ အင်တာမီလန်က ပေါင် ၂၃ သန်းနဲ့ ပေါင် ၂၆ သန်းတန် ကမ်းလှမ်းမှု ၂ ခုပြုလုပ်ခဲ့သေးသော်လည်း ကစားသမားက ပြောင်းရွှေ့ဖို့စိတ်အားထက်သန်တဲ့ပုံမပေါ်ခဲ့ပါဘူး။ နောက်ပိုင်းမှာတော့ ချဲလ်ဆီးအသင်းဟာ  ကစားသမားကို လစာအမြောက်အမြားပေးရမယ့်အခြေအနေကနေ ကာကွယ်နိုင်ရန် ရိုးမားအသင်းသို့ အငှားချဖို့ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

သို့သော်လည်း လူကာကူဟာ ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်း ၂ နှစ်ကျန်ရှိနေသေးတာကြောင့် လာမယ့်နွေရာသီမှာ အသင်းသို့ပြန်လည်ရောက်ရှိလာမှာဖြစ်ပါတယ်။ ယခုအခါချဲလ်ဆီးအသင်းဟာ ပရီးမီယားလိဂ်အတွေ့အကြုံရှိ တိုက်စစ်ကစားသမားတစ်‌ဦး ခေါ်ယူရန်ရည်ရွယ်ထားပြီး ဘာစီလိုနာမှ ရာဖင်ဟာနဲ့ ဖာရန်းတောရက်စ်၊ အာဆင်နယ်မှ စမစ်သ် ရိုဝီတို့ကိုပစ်မှတ်တွေအဖြစ် ‌ရွေးချယ်ထားတယ်လို့သိရှိရပါတယ်။

ရိုးမားအသင်းရဲ့ တာဝန်ရှိသူတွေဖြစ်တဲ့ တီယာဂိုပင်တိုနဲ့ ဒန်ဖရိဒ်ကင်တို့ဟာ ယနေ့ညနေ ၅ နာရီမှာပဲ လူကာကူကို ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ ရောမမြို့ရဲ့ ကမ်ပီနိုလေဆိပ်သို့ ခေါ်ဆောင်သွားဖို့ စီစဉ်ထားပါတယ်။

#ရိုးမား #ချဲလ်ဆီး #အပြောင်းအရွှေ့ #မော်ရင်ဟို #လူကာကူ