ရှေ့သို့
Image

ကင်မရွန်းရဲ့အာဖရိကဖလား ပွဲစဉ်များကြောင့် အိုနာနာကို ပွဲစဉ် ၄ ပွဲအထိ လက်လွှတ်ရနိုင်ချေရှိတဲ့ ယူနိုက်တက်

1:51 PM, 24 August

မန်ချက်စတာယူနိုက်တက်ဟာ အသင်းရဲ့ဂိုးသမားအိုနာနာက ကင်မရွန်းရဲ့အာဖရိဖလား ပွဲစဉ်များမှာ ပါဝင်နိုင်ချေရှိတာကြောင့် လာမယ့်ဆောင်းရာသီအတွင်း ပွဲစဉ် ၄ ပွဲလောက်ထိ လက်လွှတ်ရနိုင်ချေရှိနေတာဖြစ်ပါတယ်။

အိုနာနာဟာ ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ်ပွဲဦးထွက် ပွဲစဉ်နှစ်ပွဲမှာပါဝင်ခဲ့ပြီး အသင်းအတွက် လက်စွမ်းရော ခြေစွမ်းပါပြသထားနိုင်ခဲ့ပါတယ်။ အသက်-၂၇ နှစ်အရွယ်ရှိ ကင်မရွန်းလက်ရွေးစင်ဂိုးသမားဟာ ယခုနွေရာသီမှာ အင်တာမီလန်မှ ယူနိုက်တက်သို့ ပေါင် ၄၅ သန်းနဲ့ ရောက်ရှိလာခဲ့သူဖြစ်ပြီး ဝုဗ်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ clean sheet ရယူနိုင်ခဲ့ပြီး တော့တင်ဟမ်ကို ၂-၀ နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာလည်း အထင်ကြီးလောက်စရာကာကွယ်မှုတွေနဲ့ လက်စွမ်းပြထားနိုင်ခဲ့တာဖြစ်ပါတယ်။

ယခုအခါ စက်တင်ဘာလမှာ နိုင်ငံတကာပွဲစဉ်တွေကျင်းပ‌မှာဖြစ်ပြီး အိုနာနာအနေနဲ့ ကင်မရွန်းလက်ရွေးစင်အသင်းနဲ့ ပြန်လည်ပူးပေါင်းဖို့ ရွေးချယ်ခံလိုက်ရတယ်လို့ La Tanière ရဲ့အဆိုအရသိရှိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ကာတာကမ္ဘာ့ဖလားမှာ ကင်မရွန်းလက်ရွေးစင်အသင်းရဲ့ မန်နေဂျာ ရီဂိုဘက်ဆောင်းနဲ့ သဘောထားကွဲလွဲမှုကြောင့် အသင်းမှထွက်ခွာလာခဲ့တဲ့အိုနာနာဟာ ယခုအခါ စက်တင်ဘာလမှာကျင်းပမယ့် နိုင်ငံတကာပွဲစဉ်များအတွက် ပြန်လည်ရွေးချယ်ခံခဲ့ရပြီး ဇန်နဝါရီ ၁၃ ရက်နေ့မှ ဖေဖော်ဝါရီ ၁၁ ရက်နေ့ထိကျင်းပသွားမယ့် AFCON ပြိုင်ပွဲမှာလည်း အသင်းရဲ့ ပထမဦးစားပေးလူစာရင်းအဖြစ် ပါဝင်သွားဖွယ်ရှိနေပါတာဖြစ်ပါတယ်။

တကယ်လို့အဆိုပါပြိုင်ပွဲမှာ ကင်မရွန်းဟာ နောက်ဆုံးအဆင့်ထိတက်လှမ်းနိုင်ခဲ့ပါက အိုနာနာဟာ ယူနိုက်တက်ရဲ့ပွဲစဉ် ၄ ပွဲဖြစ်တဲ့ တော့တင်ဟမ်၊ ဝုဗ်၊ ဝက်စ်ဟမ်းနဲ့ အက်စတွန်ဗီလာတို့နဲ့ ပွဲစဉ်တွေကို ‌လွဲချော်သွားမှာဖြစ်ပါတယ်။  ကင်မရွန်းနိုင်ငံ့လက်ရွေးစင်အသင်းမှထွက်ခွာခဲ့ရတဲ့အကြောင်းအရင်းအတွက် ကနဦးဖြေရှင်းချက်မှာ အိုနာနာဟာ စည်းကမ်းမလိုက်နာကြောင်း‌ဖော်ပြခဲ့ပေမယ့် မကြာသေးမီက ကင်မရွန်းနည်းပြ ဆောင်းက ကစားသမားရဲ့ ဘောလုံးကစားတဲ့ပုံစံကို ကြိုက်နှစ်သက်ခြင်းမရှိတာကြောင့် ထုတ်ပယ်ခဲ့ကြောင်း အခိုင်အမာပြောကြားခဲ့ပါတယ်။

ဖာဘရီဇီယို ရိုမန်နိုရဲ့အဆိုအရ ကင်မရွန်းနည်းပြက အိုနာနာကို ပုံမှန်ဂိုးသမားတစ်ယောက်အတိုင်း ပြုမူရန်မှာကြားခဲ့သော်လည်း အိုနာနာက အလျှော့ပေးလိုခြင်းမရှိဘဲ သူ့ပုံစံအတိုင်း ဆော့ကစားခဲ့တာကြောင့် အသင်းမှထုတ်ပယ်ခဲ့တယ်လို့သိရှိရပါတယ်။ နိုင်ငံအသင်းမှ ထွက်ခွာခဲ့ပြီးနောက် အိုနာနာဟာ လက်ရွေးစင်အသင်းမှ အနားယူသွားပြီလို့ လူမှုကွန်ယက်မှာ အချိန်အတော်ကြာ သတင်းများထွက်ခဲ့ပါသေးတယ်။  

အိုနာနာက "ဘောလုံးသမားတစ်ယောက်မကြာခဏ ကြုံတွေရတဲ့ အတွေ့အကြုံတွေနဲ့ပတ်သက်တဲ့အခြေအနေတစ်ခုမှာ ကျွန်တော့်ရဲ့ အင်အားစိုက်ထုတ်မှုအားလုံးနဲ့ စွမ်းရည်တွေကိုအသုံးချပြီး အဖြေရှာဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် တစ်ခြားတစ်ဘက်တော့ ဒီလိုမျိုးဆန္ဒရှိမှာမဟုတ်ပါဘူး။ အချို့အခိုက်အတန့်တွေက လက်ခံဖို့ခက်ခဲပါတယ်" လို့ပြောကြားခဲ့ပါတယ်။ ‌ဒါ့အပြင် ဆိုရှယ်မီဒီယာမှတစ်ဆင့် အိုနာနာက "ကစားသမားတွေ လာလိုက်ပြန်သွားလိုက်နဲ့  နာမည်တွေက ခဏတာပါပဲ။ ဒါပေမယ့် ကင်မရွန်းကတော့ ကစားသမားတွေ လာသည်ဖြစ်စေ မလာသည်ဖြစ်စေ အမြဲတမ်းတည်ရှိနေမှာပါ။ ကင်မရွန်းနိုင်ငံဟာ လက်ရွေးစင်အသင်းပေါ်ထားတဲ့ ကျွန်တော့်ရဲ့အချစ်တွေလိုပဲ ထာဝရတည်တံ့နေမှာပါ"လို့ ပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အာဖရိကဖလား #အိုနာနာ #ကင်မရွန်း