ရှေ့သို့
Image

ပီအက်စ်ဂျီဆီပြောင်းရွှေ့ရေး အဆင်မပြေဖြစ်နေလို့ ဘာစီလိုနာနဲ့ပဲ လေ့ကျင့်ရေးဆင်းရဖွယ်ရှိတဲ့ ဒမ်ဘီလီ

5:46 PM, 6 August

ဒမ်ဘီလီရဲ့ ပီအက်စ်ဂျီဆီပြောင်းရွှေ့နိုင်ရေးပြင်ဆင်မှုက စာရွက်စာတမ်းပြဿနာတွေနဲ့အတူ ရုတ်တရက်ရပ်တန့်ခဲ့ရပြီးနောက် ကစားသမားဟာ ဘာစီလိုနာမှာပဲ လေ့ကျင့်ရေးပြန်လည်စတင်ရဖို့ နီးစပ်လာပါတယ်။


ဘာစီလိုနာနဲ့ ပီအက်စ်ဂျီတို့အကြား ပြင်သစ်လက်ရွေးစင်ကစားသမားအတွက် စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၅၀ ပေးချေဖို့ သဘောတူညီမှုရရှိခဲ့ပြီးနောက် ဒမ်ဘီလီရဲ့ အိမ်အပြန်ခရီးလမ်းဟာ ဖြစ်ပေါ်လာဖို့ အတော်လေးနီးစပ်လာခဲ့ပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီက အပြောင်းအရွှေ့နဲ့သက်ဆိုင်တဲ့စာရွက်စာတမ်းတွေကို လက်ခံရယူနိုင်ဖို့ စောင့်ဆိုင်းနေရဆဲဖြစ်တယ်ဆိုတဲ့ Sport သတင်းဌာနရဲ့ ဖော်ပြမှုနဲ့အတူ ဒမ်ဘီလီရဲ့ အပြောင်းအရွှေ့လုပ်ငန်းစဉ်တွေဟာ ပြီးမြောက်ဖို့ နှေးကွေးနေပြီလို့ သိရပါတယ်။ အခုပြဿနာတွေကို မရှင်းလင်းနိုင်သေးခင်အချိန်အထိ အခြေအနေတွေ ပြောင်းလဲသွားဖို့ မရှိလို့ ဒမ်ဘီလီဟာ ကလပ်အသင်းဖော်အသစ်တွေနဲ့ လေ့ကျင့်ရေးဆင်းနိုင်ဖွယ် မရှိသေးပါဘူး။


ဒမ်ဘီလီက ဘာစီလိုနာနဲ့ စာချုပ်သက်တမ်းကျန်ရှိနေသေးလို့ လာမယ့်ရက်ပိုင်းတွေအတွင်း အပြောင်းအရွှေ့နဲ့သက်ဆိုင်တဲ့ စာရွက်စာတမ်းပြဿနာတွေ ဖြေရှင်းနိုင်ခြင်းမရှိရင် ကစားသမားမှာ ဘာစီလိုနာနဲ့ပဲ လေ့ကျင့်ခန်းပြန်ဆင်းရဖို့ ဖိအားတွေ ရှိလာနိုင်ပါတယ်။ 


ပြီးခဲ့တဲ့ကြာသပတေးနေ့မှာပဲ ပါရီမြေဆီ ရောက်ရှိလာတဲ့ ကမ္ဘာ့ဖလားချန်ပီယံဟာ ဆေးစစ်မှုနဲ့ စာချုပ်ချုပ်ဆိုမှုတွေကို စနေနေ့မှာလုပ်ဆောင်ဖို့ စီစဉ်ထားခဲ့ပေမယ့် အခုလိုစာရွက်စာတမ်းပြဿနာတွေ ပေါ်ပေါက်လာမှုကြောင့် ဆေးစစ်မယ့်အစီအစဉ်ကို လာမယ့်သီတင်းပတ်၊ တနင်္လာနေ့အထိ ရွှေ့ဆိုင်းထားတယ်လို့ RMC Sport ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြလာပါတယ်။


ဒမ်ဘီလီရဲ့အပြောင်းအရွှေ့အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပေးပို့ဖို့က ဘာစီလိုနာရဲ့တာဝန်ဖြစ်ပြီး ပီအက်စ်ဂျီဘက်ကလည်း အပြောင်းအရွှေ့ကိုအဆုံးသတ်နိုင်ရေးအတွက် စာရွက်စာတမ်းတွေကို တက်နိုင်သမျှ အမြန်ဆုံးရရှိဖို့ လိုလားနေပါတယ်။ တချိန်တည်းမှာပဲ ပါရီအခြေစိုက်ကလပ်က အမ်ဘာပေကိုရောင်းချခြင်းအပါအဝင် အခြားအပြောင်းအရွှေ့ကိစ္စတွေနဲ့ အလုပ်တွေ များပြားနေပါတယ်။ ဘရာဇီးတိုက်စစ်မှူးရိုဒရီဂိုနဲ့အတူ အမ်ဘာပေကို အခုသီတင်းပတ်ကုန်ပိုင်းမှာ မြင်တွေ့ခဲ့ရပြီးနောက် ပြင်သစ်စတားရဲ့ ရီးရဲလ်မက်ဒရစ်အပြောင်းအရွှေ့ကောလာဟလတွေ ပြန်လည်ကျယ်လောင်လာခဲ့ပါတယ်။

#လာလီဂါ #အပြောင်းအရွှေ့ #ဒမ်ဘီလီ