ရှေ့သို့
Image

ကာတာရဲ့ကမ်းလှမ်းချက်ကို လက်ခံလိုက်ပြီး ယူနိုက်တက်ကို ရောင်းချဖို့သဘောတူညီလိုက်တဲ့ ဂလေဇာ

1:14 PM, 23 August

မန်ချက်စတာယူနိုက်တက်ကို ဝယ်ယူရန် ကာတာဘဏ်လုပ်ငန်းရှင် ရှိတ်ဂျာဆန်ရဲ့ ကမ်းလှမ်းချက် ပေါင် ၆ ဘီလီယံကို ဂလေဇာမိသားစုမှလက်ခံလိုက်ပြီဖြစ်တယ်လို့သိရှိရပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ဂလေဇာမိသားစုရဲ့ "ဗျူဟာမြောက်‌ရွေးချယ်မှုများကို ရှာ‌ဖွေနေဆဲဖြစ်တယ်"ဆိုတဲ့ အတည်ပြုချက်နဲ့အတူ ယူနိုက်တက်ကို ရောင်းချရန်ဆွေးနွေးမှုဟာ ၉ လအထိကြာမြင့်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီနှောင်းပိုင်းမှာ ယူနိုက်တက်ကိုဝယ်ယူရေး ကာတာဘဏ်လုပ်ငန်းရှင် ရှိတ်ဂျာဆန်နဲ့ အင်နီယိုစ်တည်ထောင်သူ ဆာဂျင်မ်ခရက်ကလစ်ဖ်တို့ အပြိုင်အဆိုင်လေလံဆွဲခဲ့ကြပြီးနောက် သဘောတူညီမှုရရှိရေးဟာ ရပ်တန့်သွားခဲ့တာဖြစ်ပါတယ်။

ဂလေဇာမောင်နှမများက ဂျာဆန်နဲ့ ရက်ကလစ်ဖ်တို့ရဲ့ ကမ်းလှမ်းချက်နှစ်ခုကို အချိန်အတော်ကြာချိန်ဆနေခဲ့ပြီး ဂျိုးလ်နဲ့ အာဗရမ်တို့က ၎င်းတို့ရဲ့ရှယ်ယာများကို ဆက်လက်ထိန်းသိမ်းထားလိုတာကြောင့် ရက်ကလစ်ရဲ့ကမ်းလှမ်းချက်ကို နှစ်သက်ခဲ့ကြတယ်လို့သိရှိရပါတယ်။ သို့သော်လည်း ရှိတ်ဂျာဆန်က သတ်မှတ်ရက်အမျိုးမျိုးကို ကျော်လွန်သွားပေမယ့် ကမ်းလှမ်းချက်ကို ဆက်လက်ထိန်းသိမ်းထားခဲ့တာကြောင့် ယခုအခါမှာ‌တော့ The Sun ရဲ့အဆိုအရ ဂလေဇာတို့ဟာ ကလပ်အသင်း တစ်သင်းလုံးကို ရောင်းချဖို့ သဘောတူညီခဲ့ပြီဖြစ်တယ်လို့ သိရှိရပါတယ်။

သတင်းတွေအရ အိုးလ်ထရက်ဖို့ဒ်ရဲ့အကြီးအကဲတွေက ဂလေဇာတွေအနေနဲ့ ရှယ်ယာအချို့ကို ထပ်မံ‌ကိုင်ဆောင်ထားပါက ပရိသတ်များထံမှ ကြီးမားတဲ့တုံ့ပြန်မှုကို ရရှိနိုင်ကြောင်း သတိပေးထားတယ်လို့ဆိုပါတယ်။ အာဗရမ်နဲ့ဂျိုးလ်တို့ဟာ အလျှော့ပေးဖို့ ဆန္ဒရှိနေတဲ့ပုံပေါ်နေပြီး ယခုအခါမှာတော့ အိုးလ်ထရက်ဖို့ဒ်မှာ ဂလေဇာမိသားစုရဲ့ ၁၈ နှစ်ကြာ အငြင်းပွားဖွယ်စိုးစံမှုဟာ ပြီးဆုံးတော့မှာဖြစ်ပါတယ်။

ရှိတ်ဂျာဆန်ဟာ မန်ချက်စတာယူနိုက်တက်ကို ၁၀၀% အပြည့်အဝ ဝယ်သူသွားမှာဖြစ်ပြီး ဂလေဇာရဲ့ ကြီးကြပ်အုပ်ချုပ်မှု‌အောက်မှာ ယူနိုက်တက်အပေါ်တင်နေတဲ့ စုစုပေါင်းကြွေးမြီပေါင် 725 သန်းကိုလည်း ဖယ်ရှားပေးသွားမှာဖြစ်ပါတယ်။ ယခုအခါ ကာတာဘဏ်လုပ်ငန်းရှင်ဟာ အင်တိုက်အားတိုက်နဲ့သဘောတူညီချက်များကို ဆက်လက်ဆောင်ရွက်နေပြီး အောက်တိုဘာလလယ်လောက်မှာ‌တော့ သဘောတူညီချက်အားလုံး အဆုံးသတ်ဖွယ်ရှိနေပါတယ်။

သဘောတူညီချက်များကို ဖြည့်ဆည်းခြင်းအပြင် ယူနိုက်တက်ရဲ့ပိုင်ရှင်ဖြစ်ကြောင်း လက်မှတ်မထိုးခင်မှာ ရှိတ်ဂျက်စမင်ဟာ ပရီးမီးယားလိဂ်ကစမ်းသပ်စစ်ဆေးတဲ့  အသင်းပိုင်ပိုင်ရှင်များနဲ့ ဒါရိုက်တာများအတွက် စစ်ဆေးမှုများကိုလည်း အောင်မြင်ဖို့လိုအပ်နေပါသေးတယ်။ သဘောတူညီချက်ဟာ အပြောင်းအရွှေ့ကာလ မကုန်ဆုံးမီ ယခုလအတွင်းအပြီးသတ်မှာမဟုတ်သော်လည်း ရှိတ်ဂျာဆန်ဟာ ယူနိုက်တက်ရဲ့ အိုးလ်ထရက်ဖို့ဒ်ကွင်းနဲ့ ကာရင်တန်လေ့ကျင့်ရေးကွင်းတို့ကို အဆင့်မြှင့်တင်ဖို့ရည်ရွယ်နေပြီလို့သိရှိရပါတယ်။

ရက်ကလစ်ဖ်နဲ့ ရှိန်ဂျာဆန်တို့ရဲ့ အဆိုပြုချက်များကို ပထမဆုံးအကြိမ်တင်သွင်းစဉ်က ယူနိုက်တက်မှ ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်များတွင် ၎င်းတို့နှစ်ဦးအနေနဲ့ အသင်းရဲ့ လုပ်ငန်းစဉ်များနဲ့ အဆင့်မြှင့်တင်မှုများကို မှတ်ချက်မပြုရန်နဲ့ ထောက်ပံ့ခြင်းမပြုလုပ်ရန်များပါရှိတယ်လို့ဆိုပါတယ်။ သို့သော်လည်း ရက်ကလစ်ဖ်က ဂျူလိုင်လ အစောပိုင်းအင်တာဗျူးတစ်ခုမှာ ဂျက်စမင်အနေနဲ့ ဘဏ်စာအုပ်ကို အလွတ်အတိုင်းထားမှာမဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

ရက်ကလစ်ဖ်က"လူတစ်ယောက်ဟာ သူရရှိတဲ့ပိုက်ဆံကိုပဲ အသုံးပြုလို့ရနိုင်တာပါ။ ပီအက်စ်ဂျီနဲ့ မန်စီးတီးတို့လို ဖြစ်ရပ်မျိုးက အမြဲတမ်းတော့မဖြစ်နိုင်ပါဘူး" လို့ပြောကြားခဲ့တာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဂလေဇာ #ပရီးမီးယားလိဂ်