ရှေ့သို့
Image

ယူနိုက်တက်သို့ ပြောင်းရွှေ့ရန် စိတ်အားထက်သန်နေတဲ့ ဘိုင်ယန်မြူးနစ်နောက်ခံလူ ပါဗက်

9:58 AM, 14 August

ဘိုင်ယန်မြူးနစ်က နောက်ခံလူ ဘင်ဂျမင်ပါဗက်အတွက် ယူနိုက်တက်ရဲ့ ကနဦးကမ်းလှမ်းချက် ပေါင် ၂၆ သန်းကို ပယ်ချခဲ့သော်လည်း ကစားသမားက အိုးလ်ထရက်ဖို့ဒ်သို့ ပြောင်းရွှေ့ရန်စိတ်အားထက်သန်နေတာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သက်တမ်း ၁ နှစ်ကျန်ရှိနေသေးတဲ့ ပြင်သစ်နောက်ခံလူကို ယူနိုက်တက်က ခံစစ်မှာအားဖြည့်နိုင်ရန် မျှော်လင့်ထားပြီး ပေါင် ၂၆ သန်းနဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ ယခုအခါ ကမ်းလှမ်းချက်ကိုပယ်ချခံခဲ့ရသော်လည်း လက်လျှော့သွားဖွယ်မရှိဘဲ ပုဂ္ဂိုလ်ရေးဆိုင်ရာ စည်းမျည်းစည်းကမ်းချက်များနဲ့ခေါ်ယူနိုင်ဖို့ကြိုးစားသွားမယ်လို့ သိရှိရပါတယ်။

ဘိုင်ယန်မြူးနစ်ကလည်း ပါဗက်ကိုအသင်းမှာဆက်လက်ထိန်းသိမ်းထားဖို့ ကြိုးစားနေပြီး ယမန်နေ့က လိုက်ပ်ဇစ်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ ဂျာမန်စူပါဖလား ဗိုလ်လုပွဲစဉ်မှာ နည်းပြ သောမတ်တူချယ်က ကစားသမားကို ပွဲထွက်ကစားသမားအဖြစ်ထည့်သွင်းခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်က အသက်-၂၇ နှစ်အရွယ် နောက်ခံလူကို အသင်းမှမကြာမီထွက်ခွာတော့မယ့် ဟယ်ရီမက်ဂွါရီနေရာမှာ အစားထိုးဖို့ရည်ရွယ်ထားသော်လည်း ယခုအချိန်ထိ အင်္ဂလန်နောက်ခံလူကို ဝက်စ်ဟမ်းအသင်းထံ အပြီးသတ်ရောင်းချနိုင်ခြင်းမရှိသေးပါဘူး။

ကစားသမားဟောင်း ဂျွန်နီအီဗန်စ်က အသင်းနဲ့ ၁ နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ချုပ်ဆိုထားသော်လည်း နည်းပြအဲရစ်တန်ဟက်က နောက်ထပ်ဗဟိုခံစစ်မှူးတစ်ဦး ခေါ်ယူဖို့ စိတ်အားထက်သန်နေတာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့ရာသီက ယူရိုပါကွန်းဖရန့်လိဂ်ချန်ပီယံဖလားကို ဆွတ်ခူးထားတဲ့ဝက်စ်ဟမ်းအသင်းထံ မက်ဂွါရီကိုရောင်းချဖို့ သဘောတူညီထားပြီးဖြစ်သော်လည်း ပုဂ္ဂိုလ်ရေးဆိုင်ရာစည်းကမ်းချက်များကြောင့် ကြန့်ကြာနေပြီး ကစားသမားသစ်ခေါ်ယူဖို့ ဘဏ္ဍာငွေအလုံအလောက်မရရှိသေးတာဖြစ်ပါတယ်။ သို့သော်လည်း ကွင်းလယ်လူဖရက်ဒ်က ဖီနာဘာချီသို့ ပေါင် ၁၂ ဒဿမ ၉ သန်းနဲ့ပြောင်းရွှေ့သွားပြီးနောက် ဂရန်နာဒါက ဘယ်နောက်ခံလူငယ်ကစားသမား အယ်လ်ဗရိုဖာနန်ဒက်စ်ကို စိတ်ဝင်စားကြောင်းဖော်ပြလာတဲ့အပြင် နောက်ထပ်နောက်ခံလူတစ်ယောက်ဖြစ်တဲ့ အဲရစ်ဘိုင်လီကိုလည်း ဘက်ဆစ်တက်စ်နဲ့ ဆော်ဒီကလပ်အယ်လ်နာဆာတို့ကခေါ်ယူဖို့ ဆွေးနွေးမှုတွေပြုလုပ်နေပြီ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အပြောင်းအရွှေ့ #ဘိုင်ယန်မြူးနစ် #ပါဗက်