ရှေ့သို့
Image

ဂျူဗင်တပ်စ်နဲ့ အပြောင်းအရွှေ့ကိစ္စ နောက်ဆုံး အခြေအနေကို ထုတ်ပြောလာတဲ့ လူကာကူ

4:28 PM, 31 July

ချဲလ်ဆီးတိုက်စစ်မှူး လူကာကူက ဂျူဗင်တပ်စ်ဆီ ပြောင်းရွှေ့မယ့် အလားအလာတွေနဲ့ ပတ်သက်လို့ နောက်ဆုံး အခြေအနေကို ဖွင့်ဟလာပြီး ဆွေးနွေးမှုတွေဟာ အဆင်ပြေပြေပြီးမြောက်ဖွယ် မရှိဘူးလို့ ပြောဆိုလိုက်ပါတယ်။

အင်တာမီလန်ဆီ အငှားကစားသမားအဖြစ် ပြီးခဲ့တဲ့ဘောလုံးရာသီကို ဖြတ်သန်းခဲ့ရပြီးနောက် လူကာကူက အခုနွေရာသီမှာ ချဲလ်ဆီးမှ အပြီးသတ်ထွက်ခွာဖို့ မျှော်လင့်နေပေမယ့် ကလပ်အသင်းသစ်ရှာဖွေနိုင်ဖို့ ရုန်းကန်နေရပါတယ်။ အစောပိုင်းမှာတော့ ကစားသမားက အင်တာမီလန်မှာပဲ ဆက်ကစားချင်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပေမယ့် မီလန်အခြေစိုက်ကလပ်က ချဲလ်ဆီးတောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေဖို့ တွန့်ဆုတ်နေခဲ့ပါတယ်။

ဒီနောက်မှာတော့ နောက်ထပ်စီးရီးအေ ကလပ်အသင်းဖြစ်တဲ့ ဂျူဗင်တပ်စ်က လူကာကူကို ခေါ်ယူနိုင်ဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။ ဂျူဗင်တပ်စ်ပရိသတ်တွေကတော့ လူကာကူကိုခေါ်ယူမယ်ဆိုတဲ့ ကလပ်အသင်းရဲ့ကြိုးပမ်းလာမှုအပေါ် ကန့်ကွက်ဆန္ဒပြခဲ့ပြီးနောက် အသက်-၃၀ နှစ်အရွယ်ကစားသမားရဲ့ တူရင်မြေခရီးစဉ်မျှော်လင့်ချက်ဟာ ရပ်တန့်သွားခဲ့ပြီလို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

လူမှုကွန်ရက်စာမျက်နှာတွေအပေါ် ပျံ့နှံ့သွားခဲ့တဲ့ ရုပ်သံမှတ်တမ်းတိုတစ်ခုမှာ လူကာကူက “အခုဆွေးနွေးမှုတွေက ပြေပြေလည်လည်ပြီးဆုံးသွားမယ်လို့ မထင်ပါဘူး”လို့ ပြောဆိုခဲ့ပါတယ်။

ဒီရုပ်သံမှတ်တမ်းတိုဟာ အန်ဒါလက်ချ်လေ့ကျင့်ရေးကွင်းပြင်ပမှာ အင်တာမီလန်ပရိသတ်တစ်ဦးက ဂျူဗင်တပ်စ်ဆီ ပြောင်းရွှေ့မယ့် အလားအလာနဲ့ ပတ်သက်ပြီး လူကာကူထံ မေးမြန်းခဲ့မှုကို ရိုက်ကူးခဲ့တာပါ။ လူကာကူက ချဲလ်ဆီးရဲ့ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်မှ ထွက်ခဲ့ရပြီးနောက် နည်းပြသစ်ပိုချက်တီနိုရဲ့ အနာဂတ်အစီအစဉ်မှာ ပါဝင်ဖွယ်မရှိဘူးလို့ ယူဆရပါတယ်။

ချဲလ်ဆီးကလည်း အသင်းနဲ့အတူ ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေတဲ့ လူကာကူကို အခုနွေရာသီဈေးကွက်မှာပဲ ရောင်းချသွားဖို့ ကြိုးပမ်းလုပ်ဆောင်နေပါတယ်။
#ချဲလ်ဆီး #ဂျူဗင်တပ်စ် #အပြောင်းအရွှေ့ #လူကာကူ