ရှေ့သို့
Image

ဘရိုက်တန်ဂိုးသမား ဆန်းချက်ဇ်ကို ခေါ်ယူနိုင်တော့မယ့် ချဲလ်ဆီး

1:41 PM, 31 July

ချဲလ်ဆီးအသင်းရဲ့ ဂိုးနည်းပြ ဘန်ရောဘတ်က ဘရိုက်တန်ဂိုးသမား ရောဘတ်ဆန်းချက်ဇ်ကို မျက်စိကျနေပြီး ချဲလ်ဆီးကလည်း ခေါ်ယူနိုင်ရန်ကြိုးစားနေတာကြောင့် မကြာမီမှာပဲ အပြောင်းအရွှေ့ဖြစ်ပေါ်လာနိုင်ဖွယ်ရှိ‌ကြောင်း သိရှိရပါတယ်။

စပိန်လူမျိုးဂိုးသမားအတွက် ချဲလ်ဆီးက ယခုနွေရာသီအစောပိုင်းကတည်းက ကမ်းလှမ်းမှုပြုလုပ်ထားပြီး ဘရိုက်တန်ရဲ့ ဈေးနှုန်းသတ်မှတ်ချက်ကြောင့် ခေါ်ယူနိုင်ဖို့နှောင့်နှေးနေတာဖြစ်ပါတယ်။ သို့သော်ယခုအခါ အပြောင်းအရွှေ့ဖြစ်ပေါ်ဖို့ တိုးတက်မှုရှိလာပြီး ကစားသမားကလည်း ချဲလ်ဆီးနဲ့ ပူးပေါင်းဖို့ စိတ်အားထက်သန်နေပါတယ်။

ယခင်ကဘရိုက်တန်ရဲ့ဂိုးနည်းပြဟောင်းဖြစ်ခဲ့တဲ့ ဘန်ရောဘတ်က ဂိုးသမားနဲ့ကောင်းမွန်တဲ့ ဆက်ဆံရေးရှိနေပြီး အသင်းနည်းပြသစ် ပိုချက်တီနိုကလည်း ဆန်းချက်ဇ်ကိုခေါ်ယူနိုင်ဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။ ဆန်းချက်ဇ်ဟာ ပြီးခဲ့ရာသီကုန်မှာ နံပါတ် ၁ ဂိုးသမားနေရာကို ဂျေဆန်စတီးလ်ထံသို့လွှဲပြောင်းပေးခဲ့ရတဲ့အပြင် ယခုနွေရာသီမှာ ဘရိုက်တန်က နောက်ထပ်ဂိုးသမားခေါ်ယူမှုအဖြစ် နယ်သာလန်နိုင်ငံသား ဘက်ဗရာဂန်ကို ခေါ်ယူခဲ့တာကြောင့် အသင်းမှာနေရာရှိဖို့ဆက်လက်ရုန်းကန်ရနိုင်ချေရှိနေပါတယ်။

ဒါ့အပြင် ဆန်းချက်ဇ်နဲ့ အသင်းနည်းပြရောဘတ်ဒီဇာဘီတို့ရဲ့ဆက်ဆံရေးက တိုးတက်လာခြင်းမရှိတာကြောင့် ဂိုးသမားဟာ ဘရိုက်တန်စီနီယာအသင်းနဲ့လေ့ကျင့်ရေးဆင်းခွင့်မရရှိဘဲ ၁၈ နှစ်အောက် အသင်းနဲ့ ပူးပေါင်းနေရတယ်လို့ သတင်းများ ထွက်ပေါ်နေတာဖြစ်ပါတယ်။ ဒါကြောင့် ဆန်းချက်ဇ်ရဲ့ ဘရိုက်တန်ဂိုးသမားဘဝက နိဂုံးချုပ်ဖွယ်ရှိနေပြီး အသင်းက ချဲလ်ဆီးအသင်းထံ တောင်းဆိုထားတဲ့ဈေးနှုန်းကိုလည်း လျှော့ချဖွယ်ရှိနေပါတယ်။

ချဲလ်ဆီးအသင်းကလည်း မန်ဒီထွက်ခွာသွားပြီးနောက် ဂိုးသမားသစ်ခေါ်ယူရန်လိုအပ်နေပြီး ဘရိုက်တန်ကလည်း ဆန်းချက်ဇ်အတွက် သင့်တော်တဲ့ဈေးနှုန်းရရင် လက်လွှတ်သွားမှာဖြစ်ပါတယ်။ ဆန်းချက်ဇ်ဟာ ချဲလ်ဆီးရဲ့လက်ရှိဂိုးသမား ကီပါနဲ့ နေရာရရှိရေးအတွက် ပြိုင်ဆိုင်ရဖွယ်ရှိနေသော်လည်း ပိုမိုတိုးတက်ကောင်းမွန်လာနိုင်တဲ့ အလားအလာရှိနေတာကြောင့် နံပါတ် ၁ ဂိုးသမားအဖြစ် စပိန်သားနေရာမှာ အစားထိုးနိုင်ဖွယ်ရှိနေတာဖြစ်ပါတယ်။

#ချဲလ်ဆီး #ဘရိုက်တန် #အပြောင်းအရွှေ့ #ဆန်းချက်ဇ်