ရှေ့သို့
Image

ဒဏ်ရာပြင်းထန်မှာကို စိုးရိမ်နေတဲ့ ယူနိုက်တက်ကြယ်ပွင့် အာမက်ဒီယာလို

4:48 PM, 24 July

ယမန်နေ့ကနယူးယောက်မှာ အာဆင်နယ်ကို ၂  ဂိုးပြတ် အနိုင်ရခဲ့တာကြောင့် ယူနိုက်တက်ဟာ ရာသီကြိုပွဲစဉ် သုံးပွဲဆက်တိုက် အနိုင်ရရှိခဲ့ပြီဖြစ်ပါတယ်။ တန်ဟက်ရဲ့ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပြိုင်ဖက် အာဆင်နယ်ကို ပုံမှန်ပွဲချိန်မှာသာမက ပင်နယ်တီအဆုံးအဖြတ်မှာပါ နှစ်ထပ်ကွမ်းအနိုင်ရရှိခဲ့တာကြောင့် အသင်းအတွက် အမေရိကန်မြေပေါ်မှာ ထူးထူးခြားခြားအမှတ်တရဖြစ်စေခဲ့ပါတယ်။

သို့သော် ပြီးပြည့်စုံအောင်အနိုင်ရရှိခဲ့တဲ့ အဆိုပါပွဲစဉ်မှာ အသင်းအတွက်စိုးရိမ်စရာကောင်းတဲ့ အချက်တစ်ချက်ကတော့ ဒုတိယပိုင်း ၁၃ မိနစ်မှာဒဏ်ရာရခဲ့တဲ့ အသင်းရဲ့ကစားသမား အာမက်ဒီယာလိုရဲ့ခြေကျင်းဝတ်ဒဏ်ရာဖြစ်ပါတယ်။

အာမက်ဟာ အသင်းရဲ့ဆေးဘက်ဆိုင်ရာဌာနမှ ချိုင်းထောက်ကိုအသုံးပြုပြီးထွက်လာခဲ့ရပြီး ယူနိုက်တက် အဝတ်လဲခန်းအတွင်းသို့ ခေါ်ဆောင်ခြင်းခံခဲ့ရပါတယ်။ တကယ်လို့ အာမက်ဟာ ကာလရှည်ကြာအနားယူရမယ်ဆိုပါက တက်သစ်စလူငယ်တစ်ဦးအတွက် အဆိုးဆုံး အခြေအနေနဲ့ ကြုံတွေ့ရနိုင်ချေရှိနေပါတယ်။

အသင်းနည်းပြတန်ဟက်က ပြီးခဲ့တဲ့ရာသီက ဆန်းဒါးလန်းသို့ အငှားနဲ့သွားရောက်ပြီး ခြေစွမ်းပြသထားနိုင်ခဲ့တဲ့ တောင်ပံကစားသမားကို ယခုနွေရာသီမှာ ပိုမိုနီးကပ်စွာစောင့်ကြည့်ဖို့စိတ်အားထက်သန်နေတာဖြစ်ကြောင်း သိရှိရပါတယ်။ အာမက်ဟာ အင်္ဂလန်ချန်ပီယံရှစ်ရဲ့ တစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမားအဖြစ် လျာထားခြင်းခံခဲ့ရတဲ့အပြင် ဆန်းဒါးလန်းကပေးအပ်တဲ့ အကောင်းဆုံးကစားသမားဆုကိုလည်း ဆွတ်ခူးရရှိခဲ့ပါတယ်။ အာမက်ဟာ ဆန်းဒါးလန်းအသင်းအတွက် ၁၄ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၃ ကြိမ်ပြုလုပ်ထားပါတယ်။

ဆန်းဒါးလန်းဟာ ပရီးမီးယားလိဂ်ကိုတန်းတက်နိုင်ရေး ရှူံးထွက်ပွဲစဉ်မှာ လူတန်တောင်းအသင်းကို ရှူံးနိမ့်ပြီး ပရီးမီးယားလိဂ်နဲ့လွဲချော်ခဲ့ပါတယ်။ သို့သော် လူငယ်ကစားသမားအာမက်အတွက် ဆန်းဒါးလန်းက အတွေ့အကြုံတွေအများကြီးပေးခဲ့တဲ့အသင်းဖြစ်ပြီး ယူနိုက်တက်မှာကစားဖို့လည်း အဆင်သင့်ဖြစ်စေခဲ့ပါတယ်။

ဆန်းဒါးလန်းမှာအာမက်ရဲ့စွမ်းဆောင်ရည်က သိသိသာသာတိုးတက်လာတာကြောင့် အသင်းနည်းပြတန်ဟက်က ရာသီကြိုကာလမှာ ကစားသမားကိုအနီးကပ်စောင့်ကြည့်မှုများပြုလုပ်နေပြီး နောက်ရာသီမှာ ယူနိုက်တက်အတွက်အသုံးပြုဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်နေတာဖြစ်ပါတယ်။
ယခုအခါ အာမက်ဟာ ဒဏ်ရာကြီးကြီးမားမားရခဲ့တာကြောင့် ၎င်းနဲ့ယူနိုက်တက်ရဲ့ အနာဂတ်မှာ မတည်မငြိမ်ဖြစ်လာခဲ့ပါတယ်။ သို့သော်အာမက်က ဒဏ်ရာပြဿနာနဲ့ပတ်သက်ပြီးကောင်းမွန်တဲ့ သတင်းများကို ပရိသတ်များထံ ဆိုရှယ်မီဒီယာမှတစ်ဆင့် မျှဝေခဲ့ပါတယ်။

အင်စတာဂရမ်မှတစ်ဆင့် တောင်ပံကစားသမားက ခြေကျင်းဝတ်ဒဏ်ရာမှာ မစိုးရိမ်ရကြောင်း အာမခံခဲ့သော်လည်း "အဆိုးဆုံးဖြစ်လာမှာကိုကြောက်တယ်" လို့လည်းရေးသားထားတာကြောင့် ဒီနွေရာသီဟာ အာမက်အတွက် အလွန်အရေးကြီးကြောင်း ထင်ရှားနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဒီယာလို #ပရီးမီးယားလိဂ်