ရှေ့သို့
Image

ကိုင်စီဒိုအတွက် ပေါင်သန်း ၈၀ တန်ကမ်းလှမ်းမှုလုပ်ဆောင်ဖို့ပြင်ဆင်နေတဲ့ ချဲလ်ဆီး

10:52 AM, 19 July

ပရီးမီးယားလိဂ်ကလပ်ချဲလ်ဆီးက ဘရိုက်တန်ကွင်းလယ်လူကိုင်စီဒိုအတွက် ကမ်းလှမ်းမှုအသစ်တစ်ခု လုပ်ဆောင်ဖို့ ပြင်ဆင်နေသလို  ဒူးအရွတ်စုတ်ပြဲဒဏ်ရာကြောင့် ခွဲစိတ်ကုသမှုခံယူရတော့မယ့် ဖိုဖာနာရဲ့နေရာမှာအစားထိုးဖို့ ဗဟိုခံစစ်မှူးသစ်တစ်ဦး ရှာဖွေရန် စဉ်းစားနေပါတယ်။ ကိုင်စီဒိုအတွက် ပေါင်သန်း ၇၀ တန်ကမ်းလှမ်းမှုကို ဘရိုက်တန်ဘက်မှ ပယ်ချခဲ့ပြီးနောက် ချဲလ်ဆီးတို့က ကနဦးပြောင်းရွှေ့ကြေးပေါင်သန်း ၈၀ နဲ့အတူ အပိုထပ်ဆောင်းဆုကြေးတွေပါဝင်မယ့် ကမ်းလှမ်းမှုတစ်ရပ်ကို လုပ်ဆောင်ဖို့ ပြင်ဆင်နေပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ကိုင်စီဒိုအတွက် အာဆင်နယ်ရဲ့ ပေါင်သန်း ၇၀ ဝန်းကျင်တန်ဖိုးရှိ ကမ်းလှမ်းမှုတစ်ရပ်ကို ဘရိုက်တန်က ပယ်ချခဲ့ကာ ကစားသမားနဲ့ လေးနှစ်သက်တမ်းတိုး စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့ပါတယ်။ အခြားတဖက်မှာတော့ အခုနွေရာသီအပြောင်းအရွှေ့မှာ အလားတူကမ်းလှမ်းမှုမျိုး ရှိလာရင် ကစားသမားအနေနဲ့ အသင်းမှထွက်ခွာဖို့ ဆန္ဒရှိပါက ထွက်ခွာခွင့်ပြုဖို့ နှစ်ဖက်သဘောတူညီခဲ့ပါတယ်။

ဒါပေမယ့် ဝက်စ်ဟမ်းအသင်းခေါင်းဆောင် ဒီကလန်ရိုက်စ်ရဲ့ အာဆင်နယ်ဆီ ပေါင် ၁၀၅ သန်းတန် အပြောင်းအရွှေ့ဖြစ်ပေါ်လာပြီးနောက် ကိုင်စီဒိုအတွက် ပြောင်းရွှေ့ကြေးအပေါ် ပြန်လည်စဉ်းစားသုံးသပ်မှုတွေလည်း ရှိလာခဲ့ပါတယ်။ ဒါကြောင့် စတမ်းဖို့ဘရစ်ချ်ဆီပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိဖို့နီးစပ်နေတဲ့ ကိုင်စီဒိုအတွက် ဘရိုက်တန်က ချဲလ်ဆီးကမ်းလှမ်းခဲ့မှုထက် ပေါင်သန်း ၃၀ ဝန်းကျင်လောက် ပိုမိုရရှိဖို့ လိုလားနေပါတယ်။

ဒါ့အပြင် နောက်ခံလူဖိုဖာနာရဲ့ ဒူးအရွတ်စုတ်ပြဲဒဏ်ရာကြောင့် ကာလရှည်အနားယူရဖို့ ရှိလာမှုက ချဲလ်ဆီးအတွက် နောက်ထပ်ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။ ချဲလ်ဆီးနည်းပြသစ်ပိုချက်တီနိုကတော့ ဖိုဖာနာကို အခုဘောလုံးရာသီအတွင်း ပြန်ကစားနိုင်ဖို့ မျှော်လင့်နေတယ်လို့ ထုတ်ပြောထားပါတယ်။

ချဲလ်ဆီးနဲ့အတူ အမေရိကန်နိုင်ငံဆီ ရာသီကြိုခရီးစဉ်ထွက်ခွာလာတဲ့ ပိုချက်တီနိုက "ဟုတ်ပါတယ်။ ပွဲစဉ်တွေဆီ သူပြန်လာနိုင်ဖို့ အဆင်သင့်ဖြစ်နေရေး ကျွန်တော်မျှော်လင့်မိပါတယ်။ ဒီအခြေအနေက ခက်ခဲတယ်ဆိုတာ ကျွန်တော်တို့အားလုံး သိကြပါတယ်။ လူဆိုတာ မတူညီတဲ့ခန္ဓာကိုယ်နဲ့အတူ ဇီဝကမ္မဖြစ်စဉ်တွေလည်း ကွဲပြားကြပါတယ်။ သူက မတူညီတဲ့နည်းလမ်းတစ်ခုနဲ့ဖြေရှင်းဖို့ လုပ်ဆောင်နေပါတယ်။ ဖိုဖာနာအနေနဲ့ ပြန်သက်သာလာပြီး အရာအားလုံးအဆင်ပြေပြေဖြစ်သွားဖို့၊ ရာသီမကုန်ခင် အဆင်သင့်ဖြစ်နေဖို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်"လို့ ပြောပါတယ်။

#ချဲလ်ဆီး #ဘရိုက်တန် #ဖိုဖာနာ #ပရီးမီးယားလိဂ် #ကိုင်စီဒို