ရှေ့သို့
Image

ချဲလ်ဆီးရဲ့အမေရိကန်နိုင်ငံရာသီကြို ခရီးစဉ်မှာ ပါဝင်လာခြင်းမရှိတဲ့ ဖိုဖာနာနဲ့ ရီစီဂျိမ်းစ်

12:46 PM, 18 July

ချဲလ်ဆီးကစားသမားတွေဖြစ်တဲ့ ဝီစလေဖိုဖာနာနဲ့ ရီစီဂျိမ်းစ်တို့ဟာ အမေရိကန်ပြည်ထောင်စုဆီ ထွက်ခွာမယ့် အသင်းရဲ့ရာသီကြိုခရီးစဉ်မှာ ပါဝင်လာခြင်း မရှိပါဘူး။

ရီစီဂျိမ်းစ်က အခုခရီးစဉ်မှာ ပါဝင်လာဖို့မရှိဘူးလို့ ချဲလ်ဆီးအသင်းမှ တရားဝင်ထုတ်ပြန်ပါတယ်။ ဒါပေမယ့် ဒီလိုမလိုက်ပါနိုင်ခြင်းက ဒဏ်ရာပြဿနာကြောင့်မဟုတ်ဘဲ ဖျားနာနေမှုကြောင့်သာ ဖြစ်တယ်လို့ ကလပ်အသင်းဘက်မှ ဆက်လက်ထုတ်ပြန်ထားပါတယ်။

အင်္ဂလန်လက်ရွေးစင်ကစားသမား အနေဖြင့် ကျန်းမာရေးကောင်းမွန်လာမယ်ဆိုရင် အမေရိကန်နိုင်ငံမှာ ရှိနေမယ့် ချဲလ်ဆီးအသင်းဆီ ပူးပေါင်းလာဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရီစီဂျိမ်းစ်မှာ ဒဏ်ရာပြဿနာတစ်ခုရှိနေခဲ့ပေမယ့် သက်သာလာပြီလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှာ ဒဏ်ရာပြဿနာနဲ့အတူ ပွဲစဉ်အတော်များများလွဲချော်ခဲ့ရတဲ့ ရီစီဂျိမ်းစ်ကို လာမယ့်ဘောလုံးရာသီသစ်မှာ ကြံ့ခိုင်မှုပိုင်းပြည့်ဝနေစေဖို့ အနောက်လန်ဒန်ကလပ်အသင်းက မျှော်လင့်နေပါလိမ့်မယ်။ အသက်-၂၃ နှစ်အရွယ်ကစားသမားက ဘောလုံးရာသီသစ်မှာ အသင်းဦးဆောင်မှုကဏ္ဍအတွင်း ပါဝင်တာဝန်ယူပေးဖို့ မျှော်လင့်ထားပေမယ့် သူ့ရဲ့ကြံ့ခိုင်မှုပိုင်းလည်း ကောင်းမွန်နေဖို့တော့ လိုအပ်ပါတယ်။ ဒါ့အပြင် အသစ်ခေါ်ယူထားတဲ့ မာလိုဂတ်စတိုက ရီစီဂျိမ်းရဲ့ပွဲထွက်ခွင့်ကို အကောင်းဆုံးခြိမ်းခြောက်နေပါတယ်။ အခြားတစ်ဖက်မှာလည်း ဖိုဖာနာက ဒူးဒဏ်ရာကြောင့် အနားယူနေရပါတယ်။ အသင်းအနေဖြင့် ကစားသမားရဲ့ဒဏ်ရာကို အကဲဖြတ်လေ့လာနေပြီး ဖိုဖာနာရဲ့ဒဏ်ရာပြဿနာအတွက် အချိန်ကာလတစ်ခုခု သတ်မှတ်ထားတာမျိုးတော့ မရှိပါဘူး။

ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဖိုဖာနာက ပြောင်းရွှေ့ကြေးပေါင် ၆၉ သန်း ဝန်းကျင်ဖြင့် ချဲလ်ဆီးဆီ ရောက်ရှိလာခဲ့ပေမယ့် ရာသီတလျှောက်လုံး ဒဏ်ရာပြဿနာတွေနဲ့သာ ရုန်းကန်ခဲ့ရပြီး ပွဲစဉ်အများစုကို လွဲချော်ခဲ့ပါတယ်။ ပြင်သစ်လက်ရွေးစင် ကစားသမားကတော့ မကြာမီမှာပဲ ဒဏ်ရာပြဿနာမှ ပြန်လည်သက်သာလာဖို့နဲ့ အသင်းဖော်တွေနဲ့အတူ ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်မှာ ပူးပေါင်းနိုင်ဖို့ မျှော်လင့်နေပါလိမ့်မယ်။

အလားတူ ဂိုးသမားဘတ်တီနယ်လီ၊ နောက်ခံလူ ဘာဒီယာရှီလီနဲ့ တိုက်စစ်မှူး ဘရိုဂျာတို့လည်း ချဲလ်ဆီးရဲ့ အမေရိကန်ရာသီကြိုခရီးစဉ်ဆီ မလိုက်ပါနိုင်ခဲ့ပါဘူး။ ဒီကစားသမားတွေက ကြံ့ခိုင်မှုပိုင်းအခြေအနေ ပြန်လည်ကောင်းမွန်လာစေဖို့ ကော့ဘ်ဟမ်လေ့ကျင့်ရေးကွင်းမှာပဲ ရှိနေပါလိမ့်မယ်။

#ချဲလ်ဆီး #ရီစီဂျိမ်းစ် #ဖိုဖာနာ #ပရီးမီးယားလိဂ်