ရှေ့သို့
Image

ဝေါ်လ်ကာ အပြောင်းအရွှေ့မှာပါဗက်ကို အစိတ်အပိုင်းတစ်ရပ်အဖြစ် ထည့်သွင်းကမ်းလှမ်းမယ့် ဘိုင်ယန်

3:07 PM, 15 July

ဂျာမန်ထိပ်သီးဘိုင်ယန်မြူးနစ်က မန်စီးတီးနောက်ခံလူ ကိုင်လီဝေါ်လ်ကာကို ခေါ်ယူနိုင်ရေးအတွက် အသင်းကစားသမား ပါဗက်ကိုပါ အလိုက်ပေးကမ်းလှမ်းဖို့ အဆင်သင့်ဖြစ်နေပါပြီ။

ဘွန်ဒက်စ်လီဂါချန်ပီယံတွေက အသက်-၃၃ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင် ကစားသမားကို အခုနွေရာသီမှာ ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပြီး ကစားသမားအနေဖြင့် ဂျာမန်မြေမှာ အခြေချမယ်လို့လည်း မျှော်လင့်နေပါတယ်။ အခုလအစောပိုင်းမှာ မန်စီးတီးရဲ့ နှစ်နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ်ကမ်းလှမ်းမှုကို ရရှိပြီးနောက် ကစားသမားအနေဖြင့် အနာဂတ်အတွက် ဆုံးဖြတ်ချက်တစ်ခုချမှတ်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ဝေါ်လ်ကာနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေထံမှ သိရပါတယ်။

ဝေါ်လ်ကာက လာမယ့်တနင်္လာနေ့မှာစတင်မယ့် မန်စီးတီးရဲ့ရာသီကြိုလေ့ကျင့်ရေး အစီအစဉ်မှာ ပူးပေါင်းဖို့အတွက် အခုသီတင်းပတ်ကုန်မှာ အသင်းဆီ ပြန်လာဖို့ ရှိပါတယ်။ ဒီနောက်မှာတော့ သူက လာမယ့်ဗုဒ္ဓဟူးနေ့၊ မန်စီးတီးရဲ့အရှေ့အလယ်ပိုင်း ရာသီကြိုခရီးစဉ်မထွက်ခွာခင် နည်းပြပက်ဂွါဒီယိုလာနဲ့တွေ့ဆုံစကားပြောဖို့ စီစဉ်ထားပါတယ်။

ကစားသမားအနေဖြင့် အသင်းမှ ထွက်ခွာဖို့ဆုံးဖြတ်ခဲ့မယ်ဆိုရင်တော့ ဘိုင်ယန်မြူးနစ်က မန်စီးတီးနဲ့ ပြောင်းရွှေ့ကြေးကိစ္စ သဘောတူညီမှုတစ်ခု ရရှိဖို့ပဲ လိုအပ်ပါလိမ့်မယ်။ မန်စီးတီးနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာကျန်ရှိတဲ့ ဝေါ်လ်ကာကို ခေါ်ယူနိုင်ဖို့ ဘိုင်ယန်မြူးနစ်က ပေါင် ၁၅ သန်းဝန်းကျင် သုံးစွဲဖို့ လိုလားနေပါတယ်။ အခြားရွေးချယ်မှုတစ်ခုအဖြစ် အသက်-၂၇ နှစ်အရွယ်ပြင်သစ်လက်ရွေးစင် ကစားသမားပါဗက်ကို မန်စီးတီးဆီ အလိုက်ပေးကမ်းလှမ်းတာ ဖြစ်ပါတယ်။

ပါဗက်က ညာနောက်ခံလူနေရာနဲ့ ဗဟိုခံစစ်မှူးနေရာတွေမှာ ကစားနိုင်စွမ်းရှိလို့  နည်းပြပက်ဂွါဒီယိုလာရဲ့ စိတ်ကြိုက်ကစားသမားဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် မန်စီးတီးနည်းပြကတော့ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ရုန်းကန်ရမှုတွေရှိခဲ့ပေမယ့် အသင်းအနေဖြင့် ဝေါ်လ်ကာကို ဆက်ထိန်းထားဖို့ မျှော်လင့်နေပါတယ်။

တော့တင်ဟမ်နောက်ခံလူဟောင်းက သူ့ရဲ့ကစားသမားဘ၀မကုန်ဆုံးခင် နိုင်ငံရပ်ခြားဆီ ထွက်ခွာကစားဖို့ဆိုတဲ့ ကာလရှည်ရည်မှန်းချက်တစ်ခုရှိနေမှုကြောင့် ဘွန်ဒက်စ်လီဂါမှာ အခြေချလာတာမျိုးလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါပေမယ့် မန်စီးတီးရဲ့ စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းလာမှုနဲ့အတူ သူဟာ အသင်းမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် ရှိနေဆဲဆိုတာ ဝေါ်လ်ကာအနေဖြင့် သိရှိထားပြီးပါပြီ။

အလားတူ ဘိုင်ယန်မြူးနစ်က ဝေါ်လ်ကာရဲ့လက်ရွေးစင်အသင်းဖော်တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူနိုင်ဖို့လည်း ကြိုးပမ်းနေပါတယ်။

#မန်စီးတီး #အပြောင်းအရွှေ့ #ဘိုင်ယန်မြူးနစ် #ဝေါ်လ်ကာ #ပါဗက်