ရှေ့သို့
Image

ဖူလ်ဟမ်တိုက်စစ်မှူး မီထရိုဗစ်ကို ပေါင် ၄၃ သန်းနဲ့ ကမ်းလှမ်းလိုက်တဲ့ အယ်လ်ဟီလယ်

10:15 AM, 16 August

ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်အသင်းဟာ  ဖူလ်ဟမ်တိုက်စစ်မှူး မီထရိုဗစ်ကို ပြောင်းရွှေ့ကြေးပေါင် ၄၃ သန်းနဲ့ ကမ်းလှမ်းလိုက်ပြီး အဆိုပါတန်ကြေးဟာ အယ်လ်ဟီလယ်ရဲ့ နောက်ဆုံး ကမ်းလှမ်းချက်ဖြစ်တာကြောင့် အပြောင်းအရွှေ့အထမြောက်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။

သို့သော် ဖူလ်ဟမ်အသင်းက အဆိုပါကမ်းလှမ်းချက်ကို ပယ်ချလိုက်ပါက ဆော်ဒီကလပ်အနေ‌နဲ့ နောက်ထပ်ကမ်းလှမ်းမှု ထပ်မံပြုလုပ်တော့မှာမဟုတ်ဘဲ ကစားသမားကို လက်လွှတ်သွားမှာဖြစ်တယ်လို့သိရှိရပါတယ်။ အသက်-၂၈ နှစ်အရွယ် မီထရိုဗစ်ကလည်း လုပ်ခလစာ‌မြင့်မားတဲ့ ဆော်ဒီပရိုလိဂ်သို့ပြောင်းရွှေ့ရန် စိတ်အားထက်သန်နေတာကြောင့် အယ်လ်ဟီလယ်အနေနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်ရရှိနိုင်ခြေရှိနေပါတယ်။

ဖူလ်ဟမ်အသင်းဟာ အသင်းအတွက် ၂၀၆ ပွဲကစားပြီး ၁၁၁ ဂိုးအထိ သွင်းယူထားတဲ့ အာဂျင်တီးနားလက်ရွေးစင်ကို လက်လွှတ်ဖို့ တွန့်ဆုတ်နေသော်လည်း ယခုနွေရာသီမှာတိုက်စစ်မှူးသစ်အဖြစ် ရာအူးလ် ဂျင်မီနက်ဇ်ကို ခေါ်ယူထားခဲ့ပြီး အဆိုပါတိုက်စစ်ကစားသမားဟာလည်း ပြီးခဲ့တဲ့စနေနေ့က အဲဗာတန်ကို ၁-၀ နဲ့ အနိုင်ရရှိတဲ့ပွဲစဉ်မှာ ပွဲထွက်ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ယခုအပြောင်းအရွှေ့ဟာ မကြာသေးမီက ပီအက်စ်ဂျီမှ အယ်လ်ဟီလယ်သို့ ပေါင် ၈၆ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ တိုက်စစ်မှူးနေမာကြောင့် အထမြောက်ဖွယ်ရှိနေပြီး မီထရိုဗစ်ဟာ နေမာနဲ့အချိတ်အဆက်ရှိနေတယ်လို့ သိရှိရပါတယ်။ ဘရာဇီးလ်ကြယ်ပွင့်နဲ့အယ်လ်ဟီလယ်တို့ချုပ်ဆိုထားတဲ့ တစ်ပတ်လုပ်ခ ပေါင် ၂ ဒဿမ ၆ သန်းတန်စာချုပ်မှာ နေမာအနေနဲ့ အင်စတာဂရမ်မှာ ဆော်ဒီအာရေဗျနဲ့ပတ်သက်တဲ့ ပို့စ်တစ်ခုတင်ပေးတိုင်း ဆော်ဒီကလပ်က ပေါင် ၄ သိန်း ၃ သောင်းပေးချေသွားမယ်ဆိုတဲ့ သဘောတူညီချက်တစ်ခုပါဝင်နေတယ်လို့လည်းသိရှိရပါတယ်။

ယခုနွေရာသီဈေးကွက်အတွင်း ဖူလ်ဟမ်အသင်းဟာ ဆီဗီလာနဲ့ အာဂျင်တီးနားနောက်ခံလူ ဂန်ဇာလိုမွန်တီရယ်ကို စိတ်ဝင်စားနေပြီး ညာနောက်ခံနေရာအတွက်လည်း လက်စတာမှ တင်မိုသီနဲ့ ဆောက်သမ်တန်မှ ဝေါ်လ်ကာပီတာစ်တို့ကို ပစ်မှတ်ထားနေတယ်လို့သိရှိရပါတယ်။

#အပြောင်းအရွှေ့ #မီထရိုဗစ် #ဖူလ်ဟမ်