ရှေ့သို့
Image

တစ်ပတ်လုပ်ခလစာ ပေါင် ၇၀၀,၀၀၀ နဲ့ ဟန်ဒါဆန်ကို ကမ်းလှမ်းလိုက်တဲ့ ဂျရတ်ရဲ့အယ်လ်အစ်တီဖတ်

10:09 AM, 13 July

ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဖတ်က လီဗာပူးအသင်းခေါင်းဆောင် ဂျော်ဒန်ဟန်ဒါဆန်အတွက် တစ်ပတ်လုပ်ခလစာ ပေါင် ၇၀၀,၀၀၀ တန်ကြေးရှိ ကမ်းလှမ်းမှုတစ်ခုကို ပေးပို့လိုက်တယ်လို့ သိရပါတယ်။ ဒါကြောင့် လီဗာပူးကပ္ပတိန်က အန်ဖီးလ်မှာ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်နိုင်ဖို့ လာမယ့် ၂၄ နာရီအတွင်း နည်းပြယာဂင်ကလော့ပ်နဲ့အတူ ဆွေးနွေးမှုတွေ လုပ်ဆောင်သွားပါလိမ့်မယ်။ ဒါပေမယ့် ဟန်ဒါဆန်က အသင်းဖော်ဟောင်းဂျရတ် ကိုင်တွယ်နေတဲ့ အယ်လ်အစ်တီဖတ်ဆီ ပြောင်းရွှေ့နိုင်မယ့် အလားအလာတွေလည်း မြင်တွေ့နေရပါတယ်။

လက်ရှိမှာ အင်္ဂလန်ကွင်းလယ်လူက အန်ဖီးလ်ကလပ်နဲ့စာချုပ်သက်တမ်း နှစ်နှစ်ကျန်ရှိနေသေးပြီး တစ်ပတ်လုပ်ခလစာ ပေါင် ၁၉၀,၀၀၀ ဝန်းကျင် ရရှိနေတယ်လို့ သိရပါတယ်။ ဒါကြောင့် အယ်လ်အစ်တီဖတ်က သူ့ကို လက်ရှိလုပ်ခလစာထက် အံ့ဖွယ်ပိုမိုများပြားတဲ့ ပမာဏမျိုးနဲ့ ကမ်းလှမ်းဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒါ့အပြင် အယ်လ်အစ်တီဖတ်က ဟန်ဒါဆန်ကို ခေါ်ယူချင်တယ်ဆိုရင် လီဗာပူးကိုလည်း ကြီးမားတဲ့ ပြောင်းရွှေ့ကြေးပမာဏတစ်ရပ်ကို ပေးချေသွားရပါလိမ့်မယ်။

ချဲလ်ဆီးနောက်ခံလူ ကူလီဘာလီအတွက် အယ်လ်ဟီလယ်ပေးချေခဲ့တဲ့ ပေါင် ၁၇ သန်းဆိုတဲ့ ပြောင်းရွှေ့ကြေးထက်တော့ ပိုမိုများပြားမယ်ဆိုတာ သေချာပါတယ်။ ပြင်းထန်တဲ့ နွေရာသီလေ့ကျင့်ရေးအစီအစဉ်ပြုလုပ်ခဲ့ပြီးနောက် အခုသီတင်းပတ်၊ အင်္ဂါနေ့မှာ မာဆေးဆိုဒ်ကလပ်နဲ့ ပြန်လည်ပူးပေါင်းလာတဲ့ အသက်-၃၃ နှစ်အရွယ် ကစားသမားအနေနဲ့ သီတင်းနှစ်ပတ်ကြာ အယ်လ်အစ်တီဖတ်ရဲ့ စိတ်ဝင်စားနေမှုကို သိရှိထားပြီး မကြာခင်အချိန်အတွင်းမှာ ဆုံးဖြတ်ချက်ကြီးကြီးမားမားတစ်ခု ချမှတ်ရတော့မယ်ဆိုတာ မေးခွန်းထုတ်စရာတောင် မလိုတော့ပါဘူး။

ဒီအပြောင်းအရွှေ့အတွက် အဓိကအကျဆုံး ဖြစ်လာမယ့်အချက်ကတော့ လာမယ့်ဘောလုံးရာသီမှာ ကလော့ပ်က ဟန်ဒါဆန်ကို အသင်းရဲ့ ဘယ်အခန်းကဏ္ဍမှာ တာဝန်ယူစေမလဲဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဟန်ဒါဆန်က မန်စီးတီးကို နောက်တစ်ကြိမ်စိန်ခေါ်နိုင်ရေး လီဗာပူးရဲ့ကြိုးပမ်းမှုတွေမှာ အဓိက အခန်းကဏ္ဍအတွင်း ပါဝင်ဖို့ စိတ်အားထက်သန်နေမယ်ဆိုတာ သေချာပေမယ့် ပုံမှန်ပွဲထွက်ကစားခွင့်ရရှိဖို့တော့ မရေရာသေးပါဘူး။

အခုနွေရာသီအပြောင်းအရွှေ့မှာ ကလော့ပ်ရဲ့အသင်းက အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက် မက်အယ်လစ္စတာ၊ ဆိုဘိုဆလိုင်းတို့ကို ခေါ်ယူအင်အားဖြည့်တင်းထားသလို အာနိုးလ်ကလည်း ကွင်းလယ်လူအဖြစ် ကစားနိုင်စွမ်းရှိတယ်ဆိုတာ ပြသထားပါတယ်။

#လီဗာပူး #အပြောင်းအရွှေ့ #ဒင်းဟန်ဒါဆန် #စတီဗင်ဂျရတ်