ရှေ့သို့
Image

မာလ်ဒီနီ ရာထူးမှထုတ်ပယ်ခံရပြီးနောက် အေစီမီလန် ကစားသမားအချို့ အသင်းမှထွက်ခွာဖို့ ပြင်ဆင်လာ

4:58 PM, 6 June

အေစီမီလန်စီနီယာကစားသမားအချို့က အသင်းအကြီးအကဲတွေဖြစ်တဲ့ မာလ်ဒီနီနဲ့ မက်ဆာရာတို့ ရာထူးမှ ထုတ်ပယ်ခံရမှုအပေါ် မပျော်မရွှင်ဖြစ်နေတယ်လို့ အီတလီမှလာတဲ့သတင်းတွေအရ သိရပါတယ်။

အသင်းပိုင်ရှင်ကာဒီနယ်နဲ့အတူ တင်းမာမှုတွေပြည့်နှက်ခဲ့တဲ့ တနင်္လာနေ့ အစည်းအဝေးတစ်ခုအပြီး အေစီမီလန်နည်းစနစ်ဒါရိုက်တာအဖြစ် လေးနှစ်ကြာ တာဝန်ယူခဲ့တဲ့ မာလ်ဒီနီနဲ့ ဘောလုံးဒါရိုက်တာမက်ဆာရာတို့ကို ရာထူးမှ ထုတ်ပယ်ခဲ့တာပါ။ စီးရီးအေ ရာသီသိမ်းပြီးနောက် အသင်းအကြီးအကဲနှစ်ဦးက အသင်းပိုင်ရှင်နဲ့အတူ လာမယ့်ရာသီအတွက် ဘယ်လိုပြင်ဆင်မလဲဆိုတာ ဆွေးနွေးခဲ့ပါတယ်။ ဒါပေမယ့် အခုဆွေးနွေးပွဲက အဆင်ပြေပြေဖြစ်မလာခဲ့ဘဲ နှစ်ဖက်အကြား လက်ခံနိုင်မယ့်အခြေအနေတစ်ခုကို အဖြေမထုတ်နိုင်ခဲ့ပါဘူး။

ဒီဆွေးနွေးပွဲရဲ့ရလဒ်အဖြစ် လက်ရှိအချိန်မှာ မာလ်ဒီနီနဲ့ မက်ဆာရာတို့ ရာထူးမှ အနားယူခဲ့ရပါပြီလို့ အီတလီအခြေစိုက်သတင်းဌာန Calciomercato က ဖော်ပြလာပါတယ်။ ဒါ့အပြင် အခုဆုံးဖြတ်ချက်ကြောင့် အသင်းအဝတ်လဲခန်းအတွင်း စိုးရိမ်မှုတွေလည်း ပေါ်ပေါက်လာခဲ့ပါတယ်။

La Repubblica သတင်းဌာနရဲ့အဆိုအရ မာလ်ဒီနီနဲ့ မက်ဆာရာတို့ ထွက်ခွာမှုက ဂိုးသမားမိုင်ဂ်နန်၊ နောက်ခံလူသီယိုဟာနန်ဒက်ဇ် အပါအဝင် အေစီမီလန်ကစားသမားတွေကို စိတ်ပျက်စေခဲ့ပြီး အခုနွေရာသီမှာ အသင်းမှထွက်ခွာဖို့ စဉ်းစားလာကြတယ်လို့ သိရပါတယ်။

လိုင်လီဂိုးသမားဟောင်းမိုင်ဂ်နန်က လတ်တလောကာလတွေအတွင်း ချဲလ်ဆီးဂိုးသမား ကီပါရဲ့နေရာမှာ အစားထိုးဖို့ သတင်းကြီးနေသူဖြစ်ပါတယ်။ အသက်-၂၇ နှစ်အရွယ်ဂိုးသမားရဲ့စာချုပ်သက်တမ်းက ၂၀၂၆ ခုနှစ်အထိ ရှိနေသေးပေမယ့် သူ့ရဲ့မီလန်ကစားသမားဘဝအနာဂတ်ကတော့ သံသယတွေအပြည့်အနှက် ဖြစ်လာခဲ့ပါတယ်။

အေစီမီလန်အသင်းမှာ လေးနှစ်ကြာ ကစားလာတဲ့ ဘယ်နောက်ခံလူ သီယိုဟာနန်ဒက်ဇ်ကလည်း စာချုပ်သက်တမ်းတွေ ကျန်ရှိနေသေးပေမယ့် မာလ်ဒီနီနဲ့ မက်ဆာရာတို့ကို ထုတ်ပယ်ခဲ့မှုကြောင့် သူ့ရဲ့အနာဂတ်ကိုလည်း တွေးတောနေပြီလို့ သိရပါတယ်။ အီတလီသတင်းထောက်လွန်ဂိုရဲ့အဆိုအရ မာလ်ဒီနီကို ကြည်ညိုလေးစားတဲ့ ကွင်းလယ်လူတိုနာလီကလည်း အခုလို အလုပ်ထုတ်တဲ့ဆုံးဖြတ်ချက်အပေါ် ကျေလည်မှုမရှိပါဘူး။

အေစီမီလန်အတွက် အံ့ဖွယ် ၂၄ နာရီကာလပါပဲ။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ် ကစားသမားဘ၀ အနားယူဖို့ ဆုံးဖြတ်ကြောင်း ကြေညာခဲ့ပါသေးတယ်။ ကြယ်ပွင့်တိုက်စစ်မှူးလီယာအိုကလည်း အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း သဘောတူညီမှုရရှိခဲ့ပေမယ့် အခုလိုမာလ်ဒီနီနဲ့ မက်ဆာရာတို့ ထွက်ခွာရမှုကြောင့် ပေါ်တူဂီကြယ်ပွင့်က သူ့ရဲ့အနာဂတ်အပေါ် စဉ်းစားကောင်းစဉ်းစားနေပါလိမ့်မယ်။
တနင်္လာနေ့ ညပိုင်းမှာတော့ လီယာအိုက Twitter လူမှုကွန်ရက်မှာ စိတ်ရှုပ်ထွေးနေတဲ့ emoji ကို မျှဝေလိုက်ပြီး မာလ်ဒီနီ ထွက်ခွာစေဖို့ ဆုံးဖြတ်ခဲ့မှုအပေါ် ကျေနပ်မှုမရှိကြောင်း ဖော်ပြခဲ့ပါတယ်။

#စီးရီးအေ #အေစီမီလန် #မာလ်ဒီနီ