ရှေ့သို့
Image

ချဲလ်ဆီးကွင်းလယ်လူ ကန်တီကို ခေါ်ယူဖို့ လှုပ်ရှားလာတဲ့ အယ်လ်အီတီဟတ်

2:43 PM, 5 June

ဆော်ဒီ ကလပ်အသင်းတစ်သင်းဖြစ်တဲ့ အယ်လ်အီတီဟတ်သည် ဘန်ဇီးမားကိုခေါ်ယူရန်နီးစပ်နေသည့်အပြင် ချဲလ်ဆီးကွင်းလယ်ကစားသမားဖြစ်သူ ကန်တီ အတွက် သဘောတူညီမှုရရှိရန် အာရုံစိုက်နေကြောင်းသိရပါတယ်။

ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွာတော့မယ်လို့ အတည်ပြုခဲ့တဲ့ ဘန်ဇီးမားဟာ အယ်လ်အီတီဟတ်ကို ရောက်ရှိလာနိုင်ဖွယ်ရှိနေပါတယ်။ ကန်တီသည် ၎င်း၏ ပြင်သစ်အသင်းဖော်ဟောင်း ဘန်ဇီးမားနှင့် အတူ ဆော်ဒီအာရေးဗီးယားကလပ်တွင် သွားရောက်ကစားနိုင်ဖွယ်ရှိကြောင်း သတင်းထောက်တစ်ဦးဖြစ်သူ ရူဒီဂါလက်တီက ပြောကြားခဲ့ပါတယ်။

အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကန်တီသည် စတန်းဖို့ဒ်ဘရစ်ချ်တွင် စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့မှာဖြစ်ပြီး ချဲလ်ဆီးနည်းပြသစ် ပိုချက်တီနိုရဲ့ အစီအစဥ်တွေမှာ သူပါဝင်လာမလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။ အယ်လ်အီတီဟတ်နှင့် ကန်တီတို့၏ ဆွေးနွေးပွဲသည် လွန်ခဲ့သည့် ရက်ပိုင်းကစတင်ခဲ့ပြီး အဆိုပါ ဆော်ဒီကလပ်၏ ရည်ရွယ်ချက်မှာ တတ်နိုင်သမျှအမြန်ဆုံး သဘောတူညီမှုရရှိရန်ဖြစ်ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားပါတယ်။

ဆော်ဒီကလပ် အယ်လ်နက်ဆာတွင် ရော်နယ်ဒိုရှိနေသောကြောင့် နောက်ထပ်ကြယ်ပွင့်များအနေဖြင့် ယခုနွေရာသီတွင် ဆော်ဒီအာရေဗျသို့သွားရောက်နိုင်ပါတယ်။ ဥပမာအားဖြင့် အယ်လ်ဟီလယ် အသင်းသည်လည်း မက်ဆီကို ခေါ်ယူရန် စီစဉ်နေကြောင်း သိရပါတယ်။ တော့တင်ဟမ်နည်းပြဟောင်း ဆန်တို ကိုင်တွယ်နေတဲ့ အယ်လ်အီတီဟတ်အသင်းဟာ ရော်နယ်ဒို ရှိနေတဲ့ အယ်လ်နက်ဆာအသင်းကို ကျော်လွန်ပြီး ဒီရာသီမှာ ဆော်ဒီပရိုလိဂ်ကို အနိုင်ရရှိခဲ့ပါတယ်။

ကန်တီဟာ ဒီရာသီမှာ ချဲလ်ဆီးအတွက် ပရီးမီးယားလိဂ်ပွဲ ခုနစ်ပွဲသာ ကစားထားရပြီး ဒဏ်ရာပြဿနာများ ပြင်းထန်စွာ ခံစားခဲ့ရပါတယ်။ ပိုချက်တီနိုရဲ့ ပထမဆုံးနွေရာသီမှာ ချဲလ်ဆီးအသင်းကို ကိုင်တွယ်ချိန်အတွင်း သိသာထင်ရှားတဲ့ ပြန်လည်ပြင်ဆင်မှုတစ်ခု ဖြစ်လာနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ကန်တီဟာ ၂၀၁၆ ခုနှစ်မှာ လက်စတာအသင်းကနေ ချဲလ်ဆီးအသင်းထံ ရောက်ရှိလာခဲ့ပြီး ချဲလ်ဆီးအသင်း အတွက် ၂၆၉ ပွဲ ကစားပေးကာ ၁၃ ဂိုး သွင်းယူထားပြီး ချဲလ်ဆီးအသင်းနှင့် အတူ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလားနှင့် ယူရိုပါလိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

#ချဲလ်ဆီး #အပြောင်းအရွှေ့ #ဘန်ဇီးမား #ကန်တီ