ရှေ့သို့
Image

အတ္တလန္တာနဲ့ ပွဲစဉ်မတိုင်ခင် အာနိုးလ်၊ ဂျိုတာတို့ရဲ့ နောက်ဆုံးအခြေအနေကို ပြောပြလိုက်တဲ့ ကလော့ပ်

10:51 AM, 11 April

ဒီနေ့ညပိုင်း၊ အတ္တလန္တာနဲ့ရင်ဆိုင်ရမယ့် ယူရိုပါလိဂ်ပွဲစဉ်မတိုင်ခင် လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က စီနီယာကစားသမားတွေဖြစ်တဲ့ အာနိုးလ်နဲ့ ဂျိုတာတို့ အသင်းဆီပြန်လာနိုင်မှုနဲ့ပတ်သက်လို့ ငြင်းဆန်ခြင်း အလျဉ်းမရှိခဲ့ပါဘူး။

အာနိုးလ်က ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်း ဘန်လေကို အနိုင်ရရှိတဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့သလို ဒီပွဲစဉ်အပြီး ဘရန့်ဖို့ဒ်နဲ့ ရင်ဆိုင်ရတဲ့ပွဲစဉ်မှာလည်း ဂျိုတာရဲ့ဒူးဒဏ်ရာ ပြဿနာ ပေါ်ပေါက်ခဲ့ပါတယ်။ ဒါ့အပြင် ယာဂန်ကလော့ပ်က အသင်းအတွက် ဦးစားပေးဂိုးသမား အလီဆင်ကိုလည်း လက်လွှတ်ခဲ့ရပြီး အာဆင်နယ်၊ မန်စီးတီးတိုနဲ့ရင်ဆိုင်နေရတဲ့ လိဂ်ချန်ပီယံပြေးလမ်းမှာ လီဗာပူးအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့ပါတယ်။

လတ်တလောမှာ ကြိုးကြာနီတွေက လေးနှစ်အတွင်း ဒုတိယမြောက်ပရီးမီးယားလိဂ်ချန်ပီယံဆုကို အရယူဖို့ ရည်မှန်းထားသလို ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်း ဖြစ်နေပါတယ်။ ဒီနေ့ညပိုင်းမှာတော့ ယာဂန်ကလော့ပ်ရဲ့အသင်းက အာနိုးလ်၊ ဂျိုတာတို့ ပါဝင်လာနိုင်မှုနဲ့အတူ ယူရိုပါလိဂ်ကွာတားဖိုင်နယ်(ပ-ကျော့)ပွဲစဉ်အဖြစ် ပြိုင်ဘက်ကောင်း အတ္တလန္တာနဲ့ ယှဉ်ပြိုင်ကစားရပါမယ်။

ပွဲကြိုသတင်းစာရှင်းလင်းပွဲအတွင်း ဂျာမန်သားနည်းပြကြီးက “ဒီကစားသမားနှစ်ဦး ပြန်ကစားနိုင်ဖို့ကိစ္စကို ကျွန်တော်တို့ အလျင်စလိုမလုပ်ခဲ့ဘူးဆိုတာ သိသာထင်ရှားပါတယ်။ ဂျိုတာနဲ့ အာနိုးလ်တို့က အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနေတာ သီတင်းပတ်အနည်းငယ်လောက် ကြာမြင့်နေပါပြီ။ သူတို့တွေ လေ့ကျင့်မှုတွေ အများကြီးလုပ်ဆောင်ခဲ့ပေမယ့် မနေ့ကအစီအစဉ်မှာတော့ အရမ်းကောင်းခဲ့ကြပါတယ်။ ဘာ့ဂျ်စီတစ်က ကာလအတန်ကြာ အနားယူခဲ့ရတာကြောင့် သူ့ရဲ့အခြေအနေက ကွဲပြားခြားနားပါတယ်။ ဒါပေမယ့် ကောင်းမွန်တဲ့လေ့ကျင့်မှုတွေကိုလည်း ကာလအတန်ကြာ သူလုပ်ဆောင်နေခဲ့ပြီးပါပြီ။ ကျွန်တော့်အမြင်အရ ဘာ့ဂျ်စီတစ်ကို ယူ-၂၁ အသင်းမှာ တစ်ပွဲလောက် ပေးကစားတာမျိုး ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ ဒီအခြေအနေကို ကျွန်တော်တို့ ဘယ်လိုကိုင်တွယ်သွားမလဲဆိုတာ စောင့်ကြည့်သွားတာပေါ့။ ဒါပေမယ့် အလီဆင်ကတော့ ရှေ့သုံးဦးရဲ့အခြေအနေမျိုး မဟုတ်ပါဘူး။ သူလည်း ကောင်းမွန်နေပါပြီ။ သူတို့အခြေအနေ ဘယ်လိုရှိသလဲဆိုတာ ကျွန်တော်စောင့်ကြည့်သွားရပါလိမ့်မယ်။ ဒါပေမယ့် သူတို့အားလုံး အသင်းလိုက်လေ့ကျင့်ရေးဆီ ပြန်လာခဲ့ကြပြီဖြစ်လို့ ဒီကစားသမားတွေကို ကျွန်တော်တို့ ဘယ်လိုအသုံးပြုသွားမလဲ စောင့်ကြည့်သွားရပါမယ်။ အမှန်ပါပဲ၊ သူတို့ပြန်လာနိုင်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် အခုပြန်လာနိုင်တဲ့ကစားသမားတွေက အကောင်းဆုံးပုံစံနဲ့အတူ အသင်းရဲ့ကစားဟန်မှာ အံဝင်ခွင်ကျဖြစ်နေစေဖို့လည်း ကျွန်တော်တို့အတွက် လိုအပ်ပါတယ်။ သူတို့တွေ အသင်းနဲ့ပြန်ပြီး အံဝင်ခွင်ကျဖြစ်ရေးဆိုတဲ့ စိန်ခေါ်မှုတစ်ခုလည်း အမြဲတမ်းရှိနေပါတယ်။ ဒါပေမယ့် အရည်အသွေးရှိကစားသမားတွေဖြစ်လို့ ဒီအခြေအနေကို သူတို့တွေ ကိုင်တွယ်သွားနိုင်ပါလိမ့်မယ်။ နောက်ရက်၊ နောက်သီတင်းပတ်တွေမှာ ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်သွားရပါလိမ့်မယ်။ ဒီနေ့ညပိုင်း ပွဲစဉ်အတွက်ဆိုရင်တော့ ကျွန်တော်တို့ ဆုံးဖြတ်ချက်မချရသေးပါဘူး”လို့ ပြောပါတယ်။

လာမယ့်တနင်္ဂနွေနေ့မှာလည်း ခရစ္စတယ်ပဲလေ့စ်နဲ့ ပရီးမီးယားလိဂ်အိမ်ကွင်းအရေးကြီးပွဲစဉ် ကစားရဖို့ ရှိနေလို့ ကလော့ပ်အနေဖြင့် အခုသီတင်းပတ်အလယ်မှာ စွန့်စားမှုတွေ မလုပ်ဆောင်ဖို့ ဆုံးဖြတ်ကောင်း ဆုံးဖြတ်ပါလိမ့်မယ်။ လီဗာပူးက ပြီးခဲ့တဲ့သီတင်းပတ်မှာ မန်ချက်စတာယူနိုက်တက်နဲ့ သရေကျပြီး အမှတ်ပေးဇယားဦးဆောင်သူနေရာကို ဂိုးကွာခြားမှုအသာစီးရနေတဲ့ အာဆင်နယ်ဆီ ပြန်လွှဲပေးခဲ့ရပါတယ်။

#လီဗာပူး #အတ္တလန္တာ #ကလော့ပ် #အာနိုးလ် #ဂျိုတာ #ယူရိုပါလိဂ်