ရှေ့သို့
Image

မန်စီးတီးက ဘာအန္တရာယ်မှ မပေးနိုင်ခဲ့ဘူးလို့ သုံးသပ်လာတဲ့ ရီးရဲလ်မက်ဒရစ်နောက်ခံလူ ရူဒီဂါ

1:14 PM, 10 May

ဒီနေ့မနက်ပိုင်း၊ ဘာနေဗျူးကွင်းမှာကစားခဲ့တဲ့ ချန်ပီယံလိဂ်ပထမအကျော့ပွဲစဉ်အတွင်း ရီးရဲလ်မက်ဒရစ်အပေါ် ပြိုင်ဘက်မန်စီးတီးက ဘာအန္တရာယ်မှမပေးနိုင်ခဲ့ဘူးလို့ ရီးရဲလ်မက်ဒရစ်နောက်ခံလူ ရူဒီဂါက သုံးသပ်ခဲ့သလို စပိန်ထိပ်သီးကလပ်ကပဲ ဗိုလ်လုပွဲအဆင့်ဆီ တက်ရောက်နိုင်မယ်လို့ ယုံကြည်နေပါတယ်။ တစ်ဖက်တစ်ဂိုးစီ သရေ ရလဒ်ထွက်ပေါ်ခဲ့တဲ့ အခုပွဲစဉ်မှာ ဗင်နီးစီးယက်စ်နဲ့ ဒီဘရိုင်းတို့က လှပတဲ့သွင်းဂိုးတွေကို သက်ဆိုင်ရာကလပ်အသင်းတွေ အတွက် ကိုယ်စီ သွင်းယူပေးခဲ့ပါတယ်။

ဥရောပထိပ်သီးကလပ်နှစ်ခုရဲ့ ဒုတိယအကျော့ပွဲစဉ်ကို လာမယ့်သီတင်းပတ်၊ မန်ချက်စတာမြေမှာ ဆက်လက်ကစားရပါတယ်။ ဒုတိယအကျော့ပွဲစဉ်မှာတော့ ဧည့်သည်ရီးရဲလ်မက်ဒရစ်က ချန်ပီယံလိဂ်ဖိုင်နယ်ဆီ တက်ရောက်နိုင်ဖို့၊ မန်စီးတီးရဲ့ဖလားသုံးလုံး အိပ်မက်ကို အဆုံးသတ်ပေးဖို့ဆိုတဲ့ ရည်မှန်းချက်တွေနဲ့ အီတီဟတ်ကွင်းဆီ ရောက်ရှိလာပါလိမ့်မယ်။

ရူဒီဂါက “သူတို့ရဲ့သွင်းဂိုးကို အတော်လေးနောက်ကျပြီးမှ ရရှိခဲ့တာပါ။ ဒါကြောင့် ကျွန်တော်တို့က ပိုပြီးလုပ်ပြနိုင်သေးတယ်ဆိုတဲ့ ခံစားမှုမျိုး ရရှိလာခဲ့ပါတယ်။ ဒါပေမယ့် ပွဲပြီးရလဒ်ပိုင်းက ပြဿနာတစ်ခုတော့ မဟုတ်ပါဘူး။ ဒီပြိုင်ပွဲက ဆက်ပြီး အသက်ဝင်နေပါသေးတယ်။ ကျွန်တော်တို့ ယုံကြည်မှုအပြည့်နဲ့ မန်ချက်စတာမြေဆီ သွားနိုင်ပါပြီ။ ဒီပွဲစဉ်ရဲ့အဆုံးမှာတော့ မန်စီးတီးက အန္တရာယ်ပေးနိုင်တဲ့အနေအထားမျိုး မရှိခဲ့ပါဘူး။ သူတို့က ကျွန်တော်တို့ မျှော်လင့်ထားသလိုပဲ ဘောလုံးပိုင်ဆိုင်မှုတွေ များပြားခဲ့ပါတယ်။ ဒါပေမယ့် သူတို့က အန္တရာယ်မပေးနိုင်ခဲ့ပါဘူး။ ဒီဘရိုင်းရဲ့အရည်အသွေးကြောင့်ပဲ သူတို့အသင်း ချေပဂိုး ရရှိခဲ့တာပါ”လို့ ပြောပါတယ်။

ရီးရဲလ်အနေနဲ့ မန်စီးတီးကို ကျော်ဖြတ်ပြီး နောက်တစ်ဆင့်တက်ရောက်နိုင်ဖို့ ယုံကြည်မှုရှိသလားဆိုတဲ့ မေးခွန်းအပေါ် ရူဒီဂါက “ကျွန်တော်တို့က ရီးရဲလ်မက်ဒရစ်ပါ။ ကျွန်တော်တို့ အမြဲတမ်းယုံကြည်မှု ရှိပါတယ်”လို့ ဆက်ပြောခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်က လာမယ့်စနေနေ့၊ အိမ်ကွင်းမှာ လာလီဂါပွဲစဉ်အဖြစ် ဂီတာဖေးကို ဧည့်ခံကစားရပါမယ်။

#မန်စီးတီး #ရူဒီဂါ #ရီးရဲလ်မက်ဒရစ် #ချန်ပီယံလိဂ်