ရှေ့သို့
Image

ဇာဗီရဲ့ ယုံကြည်မှုကို မရရှိခြင်းကြောင့် ဘာစီလိုနာမှ ထွက်ခွာပြီး ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့တော့မယ့် ဖာတီ

9:19 AM, 17 August

ဘာစီလိုနာ တိုက်စစ်ကစားသမား အန်ဆူဖာတီဟာ နည်းပြဖြစ်သူဇာဗီရဲ့ ယုံကြည်မှုကို မရရှိခြင်းကြောင့် နွေရာသီအပြောင်းအရွှေ့ကာလ မကုန်ဆုံးခင် အသင်းမှ ထွက်ခွာပြီး ယူနိုက်တက်၊ အာဆင်နယ်နဲ့ တော့တင်ဟမ်တို့အပါအဝင် ပရီးမီးယားလိဂ်ထိပ်သီးကလပ်များထံသို့ ပြောင်းရွှေ့ရန် စိတ်အားထက်သန်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က ဂီတာဖေးနဲ့ ယှဉ်ပြိုင်ခဲ့ပြီး ၀-၀ နဲ့ သရေသာရယူနိုင်ခဲ့တဲ့ လာလီဂါအဖွင့်ပွဲစဉ်မှာ ဖာတီဟာ ပွဲကစားချိန် ၇၉ မိနစ်‌ရောက်မှ လူစားဝင်ကစားသမားအဖြစ်ပါဝင်ခဲ့ရတာကြောင့် နည်းပြဇာဗီရဲ့ယုံကြည်မှုနဲ့ ဝေးကွာနေတယ်လို့ခံစားနေရတာဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်၊ အာဆင်နယ်နဲ့ တော့တင်ဟမ်အသင်းတို့ကလည်း လူငယ်တိုက်စစ်မှူးကိုခေါ်ယူဖို့ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းများထွက်ပေါ်နေပါတယ်။

အသက်-၂၀ နှစ်အရွယ်သာရှိသေးတဲ့ကစားသမားဟာ ဘာစီလိုနာမှာပုံမှန်ပွဲထွက်ကစားခွင့်ရရှိဖို့ ဆန္ဒရှိသော်လည်း ဂီတာဖေးနဲ့ပွဲစဉ်မတိုင်မီကတည်းက အသင်းဖော် အက်ဇယ်ဇူလီနဲ့ လာမိုင်းယာမယ်တို့လောက် ဦးစားပေးခံရခြင်းမရှိခဲ့ပါဘူး။ ဖာတီဟာ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း ၄ နှစ်ကျန်ရှိနေသေးသော်လည်း ယခုနွေရာသီမှာပဲ ကစားသမားရဲ့အနာဂတ်ဟာ အသင်းနဲ့ဝေးကွာဖို့ အလားအလာရှိနေတာဖြစ်ပါတယ်။

အသက်-၁၆ နှစ်အရွယ်၊ ၂၀၁၉ ခုနှစ်ကတည်းက ဘာစီလိုနာအတွက် စတင်ပွဲထွက်ကစားခဲ့တဲ့ ဖာတီဟာ ရီးရဲလ်ဘက်တစ်နဲ့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် အသင်းရဲ့ အသက်အငယ်ဆုံးဂိုးသွင်းသူစံချိန်ကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ်သမိုင်းတလျှောက် အသက်အငယ်ဆုံးဂိုးသွင်းသူအဖြစ်လည်း စံချိန်တင်ထားပြီး အင်တာမီလန်နဲ့ယှဥ်ပြိုင်ခဲ့တဲ့ ပွဲစဥ်မှာ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်မှာတော့ ဖာတီဟာ ဘယ်ဘက်ဒူးခေါင်းဒဏ်ရာကြောင့် ၉ လကြာ အနားယူခဲ့ရပြီး ပွဲစဉ်တွေနဲ့ဝေးကွာနေခဲ့ရတာဖြစ်ပါတယ်။ ထို့နောက် ၂၀၂၁ ခုနှစ်မှာ ဘာစီလိုနာရဲ့ နံပါတ် ၁၀ ကျောနံပါတ်ကို လီယွန်နယ်မက်ဆီထံမှ ဆက်ခံရရှိခဲ့သော်လည်း ပုံမှန်ကစားသမားအဖြစ် ပွဲထွက်ကစားခွင့်မရရှိခဲ့ပါဘူး။ ဖာတီဟာ ဘာစီလိုနာအတွက် ပြိုင်ပွဲစုံမှာ ပွဲပေါင်း ၁၁၀ ကစားထားပြီး ၂၉ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၀ ကြိမ်ပြုလုပ်ပေးထားပါတယ်။

#ဘာစီလိုနာ #ဇာဗီ #အပြောင်းအရွှေ့ #ဖာတီ