ရှေ့သို့
Image

ဘန်လေနဲ့ ပွဲစဉ်မှာ ဂျိုတာအတွက် ဆေးအဖွဲ့ရဲ့ အကြံပြုမှုကို လစ်လျူရှုခဲ့တဲ့ ယာဂန်ကလော့ပ်

11:28 AM, 27 December

ဘန်လေကို နှစ်ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း အသင်းအတွက် အနိုင်သေချာစေမယ့် သွင်းဂိုးကို ရယူပေးမယ့် ဂျိုတာအား လူစားဝင်ကစားခွင့်ပေးခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ အသင်းဆေးအဖွဲ့ရဲ့အကြံပြုမှုကို လစ်လျူရှုခဲ့တာဖြစ်တယ်လို့ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ထုတ်ဖော်ပြောဆိုပါတယ်။

နိုဝင်ဘာ ၂၅ ရက်၊ မန်စီးတီးနဲ့ရင်ဆိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒဏ်ရာပြဿနာတစ်ခု ကြုံတွေ့ခဲ့ရတဲ့ ဂျိုတာက ကာလအတန်ကြာ လီဗာပူးအသင်း လူစာရင်းမှာ မပါဝင်နိုင်ခဲ့ပါဘူး။ တစ်လကြာ အနားယူထားရတဲ့ ပေါ်တူဂီ လက်ရွေးစင်တိုက်စစ်မှူးက ဒီနေ့မနက်ပိုင်းပွဲစဉ်ရဲ့ပွဲချိန်နှောင်းပိုင်းမှာ လူစားဝင်ကစားခဲ့ပြီး အသင်းအတွက် အနိုင်သေချာစေမယ့်သွင်းဂိုးကို ရယူပေးခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲအတွင်း ကလော့ပ်က “ဂျိုတာက လေ့ကျင့်ခန်းနှစ်ကြိမ်လောက်ပဲ လုပ်ထားရပြီး အသင်းရဲ့ ဆေးဘက်ဆိုင်ရာဌာနကလည်း သူ့ကို အပိုလေ့ကျင့်ခန်းတွေ လုပ်ပေးဖို့ လိုလားခဲ့ပါတယ်။ ကျွန်တော်ကတော့ ဘန်လေနဲ့ပွဲစဉ်မှာ သူပါဝင်ကစားနိုင်တယ်လို့ ပြောဆိုပြီး အသင်းလူစာရင်းအတွင်း တိတ်တဆိတ် ထည့်သွင်းကာ ခေါ်ယူလာခဲ့တာပါ။ သူ အခုပွဲစဉ်မှာ ပါဝင်ကစားခဲ့ပြီး မနက်ဖြန်လောက်ဆိုရင် ကောင်းကောင်းလေ့ကျင့်နိုင်ပါပြီ။ ဒါပြီးရင်တော့ ဂျိုတာက နယူးကာဆယ်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်အတွက် အဆင်သင့်ဖြစ်နေပါလိမ့်မယ်။ ဒါက အကူအညီဖြစ်စေပါတယ်။ နှစ်ဂိုးပြတ်အနိုင်ရသလို ဘယ်သူမှလည်း ဒဏ်ရာ မရခဲ့လို့ အရာအားလုံး ကောင်းမွန်ခဲ့ပါတယ်။ ဂျိုတာရဲ့ခြေစွမ်းကို ကြိုက်ပေမယ့် သူလည်းပဲ အတိတ်ကာလတွေတုန်းက အခွင့်အရေးတွေ လွဲချော်ဖူးပါတယ်။ သူမှာ ဒီလိုနောက်ကျဂိုးတွေသွင်းယူဖို့ ကံဇာတာပါ,ပါတယ်။ တစ်ပွဲလုံးပျောက်နေပြီး ရုတ်တရက်ပေါ်လာကာ ဂိုးသွင်းတာမျိုးလုပ်တက်တဲ့အကျင့် သူ့မှာရှိပြီး ဒါမျိုးကလည်း ကျွန်တော်တို့ အမြဲတမ်းတောင်းဆိုခဲ့တဲ့ အရာဖြစ်ပါတယ်။ ဂျိုတာက ကျွန်တော်တို့အတွက် မယုံကြည်နိုင်လောက်အောင် အရေးပါတဲ့ ကစားသမားတစ်ဦးပါ။ သူရှိနေခြင်းက ပွဲရဲ့ချိန်ခွင်လျှာကို အပြောင်းအလဲဖြစ်စေတာ မှန်ပါတယ်။ ဒါပေမယ့် အဲ့ဒီလိုမျိုးမလုပ်နိုင်ခင် ဂျိုတာက အခွင့်အရေးအချို့တော့ လွဲချော်ပေးရပါတယ်”လို့ ပြောပါတယ်။

ဂျိုတာပြန်လာနိုင်မှုက လတ်တလောတိုက်စစ်ပိုင်းအခက်အခဲကြုံနေရတဲ့ လီဗာပူးအတွက် ခွန်အားအချို့ ပေးစွမ်းနိုင်ပါတယ်။ မာဆေးဆိုဒ်ကလပ်က မန်ချက်စတာယူနိုက်တက်၊ အာဆင်နယ်တို့နဲ့ ရင်ဆိုင်ရတဲ့ အရေးကြီးပွဲစဉ်မှာ တိုက်စစ်ပိုင်း သွင်းဂိုးရရှိနိုင်ရေး ရုန်းကန်ခဲ့ရပါတယ်။

ဘန်လေနဲ့ ရင်ဆိုင်ရတဲ့ ဘောက်ဆင်ဒေးလိဂ်ပွဲစဉ်အတွင်း ဒါဝင်နူနက်ဇ်ရဲ့အဖွင့်ဂိုး မတိုင်ခင် လီဗာပူးရဲ့ ပရီးမီးယားလိဂ် နောက်ဆုံးငါးပွဲမှာ ဂိုးသွင်းယူနိုင်တဲ့ တစ်ဦးတည်းသော တိုက်စစ်ပိုင်းကစားသမားအဖြစ် မိုဆာလက်က ရပ်တည်နေခဲ့ပါတယ်။ ဒီပွဲစဉ်တွေမှာ လီဗာပူးအတွက် သွင်းဂိုးတွေကို ကွင်းလယ်လူတွေနဲ့ နောက်ခံလူတွေက သွင်းယူပေးခဲ့ရပါတယ်။

ကလော့ပ်ရဲ့အသင်းက လာမယ့်နှစ်သစ်ကူးကာလ၊ အန်ဖီးလ်ကွင်းမှာ နယူကာဆယ်ကို ဧည့်ခံကစားရပါမယ်။

#လီဗာပူး #ဘန်လေ #ကလော့ပ် #ဂျိုတာ #ပရီးမီးယားလိဂ်