ရှေ့သို့
Image

၀က်ဂ်ဟော့စ် ယူနိုက်တက်မှာ ဆက်ရှိမရှိဆိုတာ ပြောပြခဲ့တဲ့ နည်းပြတန်ဟတ်

8:47 AM, 2 April

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်က တိုက်စစ်ှမှူး ဝက်ဂ်ဟော့စ်အနေနဲ့ ဒီနွေရာသီမှာ ယူနိုက်တက်ကို အပြီးပြောင်းချင်ရင် ပြောင်းလာနိုင်ကြောင်း ပြောခဲ့ပါတယ်။ နယ်သာလန်လက်ရွေးစင်ဟာ အိုလ်ထရက်ဖို့ဒ်ကို ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အငှားနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဘက်ဆစ်တပ်စ်မှာ ရာသီကုန်ထိ ကစားရမယ့် အငှားစာချုပ်ကိုပါဖျက်ပြီး ယူနိုက်တက်မှာ ရာသီကုန်ထိ အငှားကစားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ 

ဒါပေမယ့် ဝက်ဂ်ဟော့စ်ဟာ နည်းပြတန်ဟတ်ရဲ့အသင်းမှာ စုစုပေါင်း ၁၈ ပွဲထိ ကစားခွင့်ရရှိခဲ့ပေမယ့်လည်း သွင်းဂိုးကတော့ ၂ ဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နည်းပြတန်ဟတ်ကတော့ အသက် ၃၀ အရွယ် ကစားသမားဟာ ခြေစွမ်းပြနေတဲ့ ယူနိုက်တက်ရဲ့ ဒုတိယရာသီဝက်မှာ အဓိကကစားသမား တစ်ယောက်ဖြစ်ပြီး ကစားသမားကို အသင်းမှာ ဆက်ရှိစေချင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဝက်ဂ်ဟော့စ်ကို အသင်းမှာ ဆက်ထိန်းထားချင်လားဆိုတဲ့ သတင်းထောက်တွေရဲ့ မေးခွန်းကို တန်ဟတ်က “ ဒါပေါ့၊ ရှိစေချင်ပါတယ်။ သူက အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ယောက်ပါ။ 

Pressing ကစားတဲ့အခါ ကျွန်တော်တို့အတွက် အကောင်းဆုံး ကြိုးစားပေးပါတယ်၊ ပြီးတော့ ဒီကစားကွက်မှာလည်း သူကခေါင်းဆောင်တစ်ယောက်ပါ။ Press တွေကိုလည်း သူကပဲ စတင်သလို ခံစစ်ကိုလည်း ကောင်းကောင်းကူညီပေးနိုင်တဲ့ ကစားသမားမျိုးပါ။ နေရာစုံမှာလည်း ရှိနေတတ်ပြီး အသင်းလိုက် ချိတ်ဆက် ကစားပုံကောင်းတဲ့သူပါ။ သူကစားတဲ့ပုံက အရမ်းကောင်းပါတယ်။ လှုပ်ရှားမှုတွေ သိပ်အများကြီး မလုပ်ပေမယ့် လုပ်သမျှ လှုပ်ရှားမှုတိုင်းကလည်း ကောင်းတာတွေချည့်ပါပဲ။ Set Play တွေမှာလည်း အသုံးတည့်တဲ့ ကစားသမားမျိုးပါ။ 

ဒီအသင်းအတွက်ဆိုရင် အစွမ်းကုန်ပေးဆပ်ကစားမယ့် ကစားသမားမျိုးဖြစ်ပါတယ်။ ကျွန်တော့်အသင်းက ခရစ္စမတ်အပြီးမှာ ၂၅ ပွဲကစားခဲ့ရပြီးတော့ ရှုံးပွဲ ၂ ပွဲပဲ ရှိပါတယ်။ အဲ့ဒါကြောင့် ခင်ဗျားတို့မြင်သလိုပဲ သူအဲ့ဒီပွဲတွေမှာ ပွဲတိုင်းနီးပါး ကစားခွင့်ရခဲ့တယ်။ ဒါက သူ့ကိုခေါ်ယူခဲ့တာ အောင်မြင်တယ်လို့ ပြောလို့ရတဲ့ အချက်တစ်ခုပါ ” ဆိုပြီး ပြောသွားခဲ့ပါတယ်။ 

#မန်ချက်စတာယူနိုက်တက် #တန်ဟတ် #ပရီးမီးယားလိဂ် #ဝက်ဂ်ဟော့စ်