ရှေ့သို့
Image

တိုက်စစ်ပစ်မှတ်တွေဖြစ်တဲ့ ကိုလိုမူအာနီနဲ့ ဟိုဂျ်လန်းတို့ကို စောင့်ကြည့်နေတဲ့ ယူနိုက်တက်

1:41 PM, 30 March

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဖရန့်ဖတ်တိုက်စစ်မှူး ရန်ဒယ်ကိုလိုမူအာနီနဲ့ အတ္တလန္တာတိုက်စစ်မှူး ရာစ်မက်ဟိုဂျ်လန်းတို့ကို နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူနိုင်ဖို့ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ ယူနိုက်တက်ဟာ နွေရာသိဈေးကွက်မှာ အနည်းဆုံး တိုက်စစ်မှူးတစ်ဦး ခေါ်ယူမှာဖြစ်ပြီး နည်းပြအဲရစ်တန်ဟတ်က အဆိုပါတိုက်စစ်မှူးကို ဇူလိုင်လကျရင် အမေရိကန်ကိုသွားရမယ့် ရာသီကြိုခြေစမ်းခရီးစဉ်ကို ခေါ်သွားဖို့ ဆန္ဒရှိနေပါတယ်။

တော့တင်ဟမ်တိုက်စစ်မှူး ဟယ်ရီကိန်း၊ နာပိုလီတိုက်စစ်မှူး ဗစ်တာအိုဆီမန်တို့ဟာလည်း အိုးလ်ထရက်ဖို့ဒ်ကို ရောက်ဖို့သတင်းကြီးနေသူတွေ ဖြစ်ပါတယ်။ ဒါပေမယ့် တော့တင်ဟမ်က သူတို့ရဲ့မရှိမဖြစ် တိုက်စစ်မှူးဖြစ်တဲ့ ကိန်းကို ပြည်တွင်းပြိုင်ဘက်တွေဆီ ရောင်းမှာမဟုတ်လို့ ယူနိုက်တက်အနေနဲ့ ကိန်းကိုခေါ်ယူဖို့ အခက်အခဲ ရှိနိုင်ပါတယ်။ နောက်ထပ်တိုက်စစ်မှူး ပစ်မှတ်တွေဖြစ်တဲ့ ကိုလိုမူအာနီနဲ့ ဟိုဂျ်လန်းတို့ကတော့ ကိန်းရဲ့ အရန်ပစ်မှတ်တွေအဖြစ်နဲ့ ခေါ်ယူလို့ရနိုင်ကြောင်းနဲ့ ယူနိုက်တက်ကလည်း ဒီလူငယ်တိုက်စစ်မှူးနှစ်ဦးကို စောင့်ကြည့်နေကြောင်း မန်ချက်စတာညနေခင်းသတင်းက ဖော်ပြသွားခဲ့ပါတယ်။

မူအာနီကတော့ ၂၀၂၂-၂၃ ရာသီအတွင်း ဖရန့်ဖတ်မှာ ခြေစွမ်းပြကစားနေပြီး ပြိုင်ပွဲစုံ ၃၅ ပွဲမှာ ၁၆ ဂိုးသွင်း၊ ၁၄ ဂိုးဖန်တီးထားပါတယ်။ ပြင်သစ်လက်ရွေးစင်ဟာ ပြီးခဲ့တဲ့နွေရာသီကမှ ဂျာမန်ကလပ်ကို ရောက်လာတာဖြစ်လို့ နောက်ထပ်စာချုပ် သက်တမ်း ၄ နှစ် ကျန်ပါသေးတယ်။ ဒါပေမယ့် စိန်ခေါ်မှုအသစ်တွေ အတွက် အမြဲတမ်း အဆင်သင့်ပါပဲလို့ ပြောခဲ့ဖူးတာကြောင့် ဒီနွေရာသီမှာ အသင်းပြောင်းရွှေ့တာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တစ်ဖက်က ယူနိုက်တက်ဟာလည်း ဒီနွေရာသီမှာ ပြင်သစ်သားကို ပေါင် ၁၀၆ သန်းလောက်ထိ သုံးပြီးခေါ်ယူဖို့ ဆန္ဒရှိနေပါတယ်။

နောက်ထပ်ပစ်မှတ်ဖြစ်တဲ့ ဟိုဂျ်လန်းကလည်း ၂၀၂၃-၂၄ ရာသီ မတိုင်မီ အိုးလ်ထရက်ဖို့ဒ်ကို ရောက်နိုင်ခြေများတဲ့ တိုက်စစ်မှူးတစ်ဦးပါပဲ။ ယူနိုက်တက်ဟာ ၂၀၂၂-၂၃ ရာသီအတွင်း အတ္တလန္တာအတွက် ၂၅ ပွဲကစား ၈ ဂိုးသွင်း ၂ ဂိုး ဖန်တီးထားတဲ့ အသက် ၂၀ အရွယ် ကစားသမားလေးကို အမှန်တကယ် စိတ်ဝင်စားမှုရှိကြောင်းလည်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဟိုဂျ်လန်းဟာ မတ်လ ၂၃ ရက်နေ့တုန်းက ဖင်လန်အသင်းနဲ့ ကစားခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ ဒိန်းမတ်အသင်းအတွက် ဟတ်ထရစ်သွင်းခဲ့သလို၊ နောက် ၃ ရက်အကြာမှာ ကစားတဲ့ ကာဇက်စတန်နဲ့ပွဲမှာလည်း ၂ ဂိုး သွင်းခဲ့တာကြောင့် တစ်ဟုန်ထိုးနာမည်ကြီးလာခဲ့ပါတယ်။

မူအာနီလိုပဲ ဒိန်းမတ်သားလေးကလည်း ပြီးခဲ့တဲ့နွေရာသီကမှ စတမ်ဂရက်ဇ်အသင်းကနေ အတ္တလန္တာကို ရောက်ရှိလာသူဖြစ်လို့ လက်ရှိစာချုပ်အရ စာချုပ်သက်တမ်း ၄ နှစ်ကျန်ရှိနေပါသေးတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ထွက်ခွာသွားတဲ့ တိုက်စစ်မှူးခရစ္စတီယာနိုရော်နယ်ဒိုရဲ့နေရာကို အစားထိုးခဲ့ခြင်းမရှိသလို အန်တိုနီမာရှယ်ကလည်း ဒီနွေရာသီမှာ အသင်းကနေ ထွက်ခွာဖွယ်ရှိနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #အတ္တလန္တာ #ဖရန့်ဖတ် မူအာနီ #ဟိုဂျ်လန်း