ရှေ့သို့
Image

တော့တင်ဟမ်နဲ့ နည်းပြကွန်တီတို့ နှစ်ဖက်သဘောတူညီမှုနဲ့အတူ လမ်းခွဲ၊ ယာယီနည်းပြအဖြစ် စတယ်လီနီကို ခန့်အပ်

9:19 AM, 27 March

အခုသီတင်းပတ်တွေအတွင်း ဆက်ဆံရေးပြိုကွဲခဲ့ပြီလို့ သတင်းတွေထွက်ပေါ်နေတဲ့ တော့တင်ဟမ်နဲ့ နည်းပြကွန်တီတို့အကြား ဒီနေ့မနက်ပိုင်းမှာပဲ နှစ်ဖက်သဘောတူညီမှုနဲ့အတူ တရားဝင်လမ်းခွဲခဲ့ပြီး ရာသီကုန်အထိ အသင်းကို တာဝန်ယူစေဖို့ ယာယီနည်းပြအဖြစ် စတယ်လီနီကို ခန့်အပ်ခဲ့ပါတယ်။

အီတာလျံနည်းပြက ပြီးခဲ့တဲ့ရာသီမှာ တော့တင်ဟမ်ကို ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် လမ်းညွှန်ပေးနိုင်ခဲ့သလို အခုဘောလုံးရာသီမှာလည်း အနီးဆုံးပြိုင်ဘက်တွေထက် ပွဲပိုကစားထားပေမယ့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်-၄ နေရာကို သိမ်းပိုက်နိုင်မယ့်အခွင့်အရေးရရှိအောင် ဦးဆောင်ပေးထားပါတယ်။

အခုနိုင်ငံတကာသီတင်းပတ်မတိုင်ခင် အမှတ်ပေးဇယားအဆင့်-၃ နေရာအထိ တော့တင်ဟမ်တို့ တက်လှမ်းနိုင်ခွင့်ရှိခဲ့ပေမယ့် အမှတ်ပေးဇယားအောက်ဆုံးနေရာရှိ ဆောက်သမ်တန်နဲ့ သရေကျခဲ့လို့ ဒီအခွင့်အရေးကို လက်လွှတ်ခဲ့ရပါတယ်။ ဒါကြောင့်ပဲ နည်းပြကွန်တီက သတင်းစာရှင်းလင်းပွဲအတွင်း ဒေါသအိုးပေါက်ကွဲကာ အသင်းကစားသမားတွေအပေါ် 'တကိုယ်ကောင်းဆန်သူများ'လို့ ဝေဖန်ခဲ့သလို ဆုဖလားမရရှိခြင်းမှာ အသင်းရဲ့အစဉ်အလာလိုဖြစ်နေပြီလို့ ပြောဆိုခဲ့ပါတယ်။

ကွန်တီအနေနဲ့ အခုလိုဝေဖန်မှုဟာ အသင်းကစားသမားတွေကိုသာ ရည်ညွှန်းကြောင်း အသင်းဥက္ကဋ္ဌနဲ့ ဘုတ်အဖွဲ့ဆီ ရှင်းလင်းပြောကြားခဲ့ပြီးပြီလို့ ယူဆရပေမယ့် အသင်းနဲ့လမ်းခွဲရမှုကိုတော့ မရှောင်လွှဲနိုင်ခဲ့ပါဘူး။ အခုလိုလမ်းခွဲခဲ့ပြီးနောက် တော့တင်ဟမ်အကြီးအကဲတွေက ကွန်တီရဲ့လက်ထောက်ဖြစ်သူ စတယ်လီနီကို ရာသီကုန်အထိ ယာယီနည်းပြခန့်အပ်ကာ လတ်တလောမှာ နည်းပြသစ်တစ်ဦး အလျင်စလိုမခန့်အပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

"ကျွန်တော်တို့အသင်းနဲ့ နည်းပြကွန်တီအကြား နှစ်ဖက်သဘောတူညီမှုနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ကြောင်း အတည်ပြုကြေညာလိုပါတယ်။ နည်းပြကွန်တီက အသင်းအတွက် ပထမဆုံးဘောလုံးရာသီမှာပဲ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ အသင်းအတွက် နည်းပြကွန်တီ စွမ်းဆောင်ပေးခဲ့မှုတွေအပေါ် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားရင်း အနာဂတ်ဖြောင့်ဖြူးသာယာပါစေလို့ ဆုတောင်းပေးပါတယ်။ အခုရာသီကုန်အထိ ယာယီနည်းပြအဖြစ် စတယ်လီနီက တာဝန်ထမ်းဆောင်မှာဖြစ်သလို မေဆင်ကလည်း လက်ထောက်နည်းပြအဖြစ် တာဝန်ယူသွားမှာပါ" လို့ တော့တင်ဟမ်အသင်းရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

တော့တင်ဟမ်အသင်းဥက္ကဋ္ဌလီဗိုင်းကလည်း " ကျွန်တော်တို့ ပရီးမီယားလိဂ် ၁၀ ပွဲ ကစားဖို့ ကျန်ရှိနေပါသေးတယ်။ ကျွန်တော်တို့က ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာရရှိဖို့ တိုက်ပွဲဝင်သွားရပါမယ်။ ကျွန်တော်တို့အားလုံးအတူတကွ ကြိုးစားအားထုတ်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ရဲ့အသင်းနဲ့အတူ အံ့ဖွယ်သစ္စာရှိပရိသတ်တွေအတွက် အကောင်းဆုံးရာသီကုန်ကာလဖြစ်လာဖို့ လူတိုင်း ကြိုးစားအားထုတ်ရမှာ ဖြစ်ပါတယ်"လို့ ပြောပါတယ်။

တော့တင်ဟမ်ကစားသမားတွေဟာ နည်းပြကွန်တီရဲ့မှတ်ချက်တွေအပေါ် စိတ်ဆိုးဒေါသထွက်ခဲ့သလို နည်းပြကွန်တီလက်အောက် အသင်းအဝတ်လဲခန်းအခြေအနေ၊ ကွင်းတွင်းကစားပုံတွေနဲ့ပတ်သက်လို့ ကျေနပ်မှုမရှိကြဘူးလို့ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။ ကွန်တီရဲ့တန်ပြန်တိုက်စစ်အသားပေးကစားဟန်က အသင်းပရိသတ်တွေ တောင်းဆိုနေကြတဲ့ တော့တင်ဟမ်ရဲ့ရိုးရာတိုက်စစ်အသားပေးကစားဟန်နဲ့ သဟဇာတမဖြစ်ခဲ့ဘဲ အခုသီတင်းပတ်တွေအတွင်း ရှက်ဖီးယူနိုက်တက်၊ အေစီမီလန်တို့ကို အရေးနိမ့်ကာ ဆုဖလားပြိုင်ပွဲတွေမှ ရှုံးနိမ့်ထွက်ခွာခဲ့ပါတယ်။

ယာယီနည်းပြစတယ်လီနီလက်အောက် တော့တင်ဟမ်အသင်းရဲ့ပထမဆုံးပွဲစဉ်ကတော့ ဧပြီ ၃ ရက်၊ ဂွတ်ဒီဆင်ပါတ်ခ်ကွင်းမှာ အဲဗာတန်နဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပြီး ဒီပွဲစဉ်အပြီး သီတင်းတစ်ပတ်အကြာ ဘရိုက်တန်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရပါမယ်။

#တော့တင်ဟမ် #ကွန်တီ #ပရီးမီးယားလိဂ် #စတယ်လီနီ