ရှေ့သို့
Image

အင်္ဂလန် သရေကျပြီး အီတလီ၊ ဆလိုဗေးနီးယား၊ ချက်တို့ ပန်းဝင်တဲ့ ယူရိုခြေစစ်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်များ

10:04 AM, 21 November

ယူရို-၂၀၂၄ ခြေစစ်ပွဲအဆင့်၊ အုပ်စုနောက်ဆုံးပွဲစဉ်တွေကို ဒီနေ့မနက်ပိုင်းမှာ ဆက်လက်ယှဉ်ပြိုင် ကစားခဲ့ရာ ခြေစစ်ပွဲအောင်မြင်တဲ့ အသင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ နာမည်ကြီး အီတလီကတော့ အုပ်စုတူခက်ခဲပြိုင်ဘက်ဖြစ်တဲ့ ယူကရိန်းနဲ့ ယှဉ်ပြိုင်ကစားရင်း လိုအပ်နေတဲ့ ရလဒ်ကို ရှာဖွေနိုင်ခဲ့လို့ ယူရိုလက်ရှိ ချန်ပီယံဘွဲ့ ဆက်လက်ထိန်းသိမ်းနိုင်ရေး ကြိုးစားနိုင်မယ့် အခွင့်အရေးတစ်ရပ် ရရှိသွားခဲ့ပါတယ်။

စပယ်လက်တီရဲ့အသင်းက ယူရို-၂၀၂၄ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိဖို့ လေဗာကူဆင်ရဲ့အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားရတဲ့ ပွဲစဉ်အတွင်း ရှုံးနိမ့်မှုဆိုတဲ့ရလဒ်ကို ရှောင်ရှားနိုင်ဖို့ပဲ လိုအပ်ခဲ့ပါတယ်။ သမားရိုးကျဆန်လွန်းတဲ့ ဂိုးမရှိသရေ ရလဒ်က အီတလီလက်ရွေးစင်အသင်းအတွက် ယူရိုပြိုင်ပွဲဝင်ခွင့်တစ်နေရာရရှိဖို့ လုံလောက်စေခဲ့ပြီး အုပ်စု(C)မှာ အင်္ဂလန်နဲ့အတူ ခြေစစ်ပွဲအဆင့်ကို အောင်အောင်မြင်မြင်ကျော်ဖြတ်သွားနိုင်ခဲ့ပါတယ်။

အုပ်စု (E) မှာ ကျရောက်နေတဲ့ ချက်အသင်းကလည်း မော်လ်ဒိုဗာကို အခက်အခဲမရှိ သုံးဂိုးပြတ်အနိုင်ယူကာ လာမယ့်နွေရာသီ၊ ဥရောပဘောလုံးပွဲတော်ကြီးမှာ သူတို့အတွက် နေရာတစ်ခု ရရှိအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အခုပွဲစဉ်မှာ အိမ်ရှင်ချက်အသင်း အတွက် ဦးဆောင်ဂိုးကို ပွဲအစပိုင်းမှာပဲ ဒူဒီယာက သွင်းယူပေးခဲ့ပါတယ်။

ပွဲချိန်ဒုတိယပိုင်းစတင်ပြီး မကြာမီမှာပဲ မော်လ်ဒိုဗာနောက်ခံလူဘာဘိုဂလို နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံခဲ့ရလို့ ချက်အသင်းရဲ့ နိုင်ပွဲက အခက်အခဲမရှိသလောက် ဖြစ်သွားခဲ့ရပါတယ်။ ချက်အသင်းအတွက် နောက်ထပ်သွင်းဂိုးတွေကို ပွဲချိန်နှောင်းပိုင်းမှာ ချွိုင်၊ ဆူချက်ခ်တို့က ရယူပေးခဲ့ပါတယ်။ ယူရိုပြိုင်ပွဲဝင်ခွင့်လက်ကျန်တစ်နေရာ အတွက် အကြိတ်အနယ်ဖြစ်နေတဲ့ အုပ်စု(H)မှာတော့ ဆလိုဗေးနီးယားက ကာဇက်စတန်ကို အိမ်ကွင်းမှာ ၂-၁ ဂိုးဖြင့် အနိုင်ကစားပြီး လိုအပ်နေတဲ့နိုင်ပွဲကို ရှာဖွေနိုင်ခဲ့ပါတယ်။

အခုပွဲစဉ်မှာ နှစ်သင်းလုံးအတွက် ယူရိုပြိုင်ပွဲဝင်ခွင့်မျှော်လင့်ချက်ကို ပိုင်ဆိုင်ထားခဲ့ပေမယ့် ဧည့်သည်ကာဇက်စတန်ကတော့ အနိုင်ရလဒ် မဖြစ်မနေလိုအပ်နေခဲ့တာဖြစ်ပါတယ်။ ပထမပိုင်း ပွဲချိန်ပြီးဆုံးခါနီးမှာတော့ အိမ်ရှင်တွေက ဦးဆောင်ဂိုး ရှာဖွေနိုင်ခဲ့ပြီး ဒီဂိုးကို ပယ်နယ်တီမှတဆင့် ဆက်စ်ကိုက ရယူပေးခဲ့ပါတယ်။

ဒုတိယပိုင်းပွဲချိန်စတင်ပြီး မကြာခင်မှာပဲ ဆမိုရိုဒေါ့ရဲ့ညာခြမ်းဖြတ်တင်ဘောကို အိုရာဇော့ဗ်က နောက်ပေါက်နဲ့ကန်သွင်းပြီး ကာဇက်စတန်အတွက် လိုအပ်နေတဲ့ချေပဂိုးကို ရှာဖွေပေးနိုင်ခဲ့လို့ မျှော်လင့်ချက်ရောင်ခြည်တွေ ပြန်လည် တောက်ပလာခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန်နှောင်းပိုင်းမှာ ဗာဗစ်က ပြိုင်ဘက်ဂိုးဧရိယာအတွင်း ပြင်းထန်အားပါတဲ့ ကန်ချက်ဖြင့် ဆလိုဗေးနီးယားကို လာမယ့်ယူရိုပြိုင်ပွဲကြီးဆီ ပို့ဆောင်ပေးနိုင်ဖို့ သေချာသွားစေမယ့် သွင်းဂိုး ရယူခဲ့ပါတယ်။

နာမည်ကြီးအင်္ဂလန်ကတော့ မြောက်မက်ဆီဒိုးနီယားကို အဝေးကွင်းမှာ တစ်ဖက်တစ်ဂိုးစီ သရေကစားရင်း ယူရို-၂၀၂၄ ခြေစစ်ပွဲတွေကို ရှုံးပွဲမရှိမှတ်တမ်းဖြင့် ပိတ်သိမ်းနိုင်ခဲ့ပါတယ်။ အခုပွဲစဉ်ရဲ့ဦးဆောင်ဂိုးကို မြောက်မက်ဆီဒိုးနီးယားအသင်းက ရရှိခဲ့တာဖြစ်ပြီး ပထမပိုင်း ပွဲချိန်ပြီးဆုံးခါနီးမှာ ဘာဒီက သွင်းယူပေးခဲ့ပါတယ်။

အင်္ဂလန်အသင်းအတွက် ချေပဂိုးကိုတော့ ဒုတိယပိုင်းပွဲချိန်အတွင်း မြောက်မက်ဆီဒိုးနီးယားကစားသမား အက်တနာဆော့ဗ်ရဲ့ O.G မှတဆင့် ရရှိခဲ့ပါတယ်။

ပွဲပြီးရလဒ်များ
--------------
မြောက်မက်ဆီဒိုးနီးယား ၁-၁ အင်္ဂလန်*
ယူကရိန်း ဝ-၀ အီတလီ*
ချက်* ၃-၀ မော်လ်ဒိုဗာ
အယ်လ်ဘေးနီးယား* ဝ-၀ ဖာရိုးကျွန်းစု
မြောက်အိုင်ယာလန် ၂-၀ ဒိန်းမတ်*
ဆလိုဗေးနီးယား* ၂-၁ ကာဇက်စတန်
ဆန်မာရီနို ၁-၂ ဖင်လန်
(* ပြထားသောအသင်းများမှာ ယူရို-၂၀၂၄ ခြေစစ်ပွဲအောင်မြင်ခဲ့သောအသင်းများဖြစ်သည်။)

#အီတလီ #အင်္ဂလန် #ချက်ဇ် ယူရို၂၀၂၄ခြေစစ်ပွဲ #ဆလိုဗေးနီးယား