ရှေ့သို့
Image

ဒဏ်ရာက သက်သာလာပြီးနောက် တံခါးပိတ်ခြေစမ်းပွဲမှာ ဝင်ကစားခဲ့တဲ့ ကန်တီ

10:13 AM, 25 March

ချဲလ်ဆီးကွင်းလယ်လူ အန်ဂိုလိုကန်တီကတော့ ဒဏ်ရာကြောင့် ၇ လခန့် နားနေနရာကနေ သောကြာနေ့က တံခါးပိတ်ခြေစမ်းပွဲတစ်ခုမှာ တစ်နာရီခန့် ပါဝင်ကစားခဲ့တယ်လို့ သိရပါတယ်။ အသက် ၃၀ အရွယ် ကစားသမားဟာ သြဂုတ်လကတည်းက လန်ဒန်မြို့ခံပြိုင်ဘက် တော့တင်ဟမ်နဲ့ ၂-၂ သရေကျခဲ့တဲ့ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့ပြီး ကာလရှည်နားနေခဲ့ရတာပဲ ဖြစ်ပါတယ်။ 


ဖိုင်နယ်ထိတက်ခဲ့ပြီး အာဂျင်တီးနားကို အရေးနိမ့်ခဲ့ရတဲ့ ပြင်သစ်အသင်းရဲ့ ၂၀၂၂ ကမ္ဘာ့ဖလားကိုလည်း လွဲချော်ခဲ့ရပေမယ့် ဒီလအစောပိုင်းကမှ အသင်းနဲ့ ထရိန်နင်ပြန်ဆင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ပိတ်ရက်က အဲဗာတန်နဲ့ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲစဉ်မှာ အရန်ခုံပေါ်မှာ ရှိနေခဲ့ပေမယ့် လူစားဝင်ကစားခွင့်တော့ မရခဲ့ပါဘူး။ မနေ့ကတော့ ကော့ဘ်ဟမ်း ထရိန်နင်ကွင်းမှာ ချာလ်တန်အက်သလက်တစ်ကို ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာတော့ မိနစ် ၆၀ ခန့် ပါဝင်ကစားခဲ့တာ တွေ့ရပါတယ်။ 


အကယ်ဒမီ ကစားသမား ၃ ယောက်ဖြစ်တဲ့ ဒီယွန်ရန်ခိုင်၊ ဆစ်လ်ကိုသောမတ်စ်နဲ့ မာလစ်မားသားဆီးလ်တို့က ချဲလ်ဆီးအသင်းအတွက် ဂိုးတွေ သွင်းယူပေးခဲ့ကြပါတယ်။ ပွဲချိန်အတွင်းမှာတော့ အသင်းဖော်တွေဖြစ်တဲ့ သီယာဂိုဆေးလ်ဗားနဲ့ မေဆင်မောင့်တို့က ကန်တီရဲ့ နံပါတ် ၇ ဂျာစီကို ဝတ်ဆင်ကာ ပွဲကြည့်စင်ပေါ်ကနေ လာရောက် အားပေးတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ပြင်သစ်သားရဲ့ ပြန်လာနိုင်မှုဟာ ပရီးယားလိဂ်နဲ့ ချန်ပီယံလိဂ်တွေ ကစားရမယ့် နည်းပြဂရေဟမ်ပေါ်တာအတွက်တော့ ချိန်သားကိုက်ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်ကလည်း ပေါ်တာက ကန်တီပြန်ကစားနိုင်နေပြီဖြစ်ပေမယ့် ပထမအသင်းပွဲစဉ်တွေမှာတော့ အလျင်စလို ထည့်သုံးမှာ မဟုတ်ပါဘူးလို့ ပြောခဲ့ပါတယ်။ 


ကန်တီမကစားနိုင်တာကြောင့် ဇန်နဝါရီမှာ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ အန်ဇိုဖာနန်ဒက်ဇ်က ပထမအသင်းမှာ ပုံမှန်နေရာရနေပြီး ချဲလ်ဆီးအသင်းရဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၈ ပွဲကိုပွဲထွက် ကစားခွင့် ရရှိခဲ့ပါတယ်။ မတ်တီယိုကိုဗာဆစ်၊ ကော်နာဂယ်လာဟာ၊ ရူဘင်လော့ဖ်တပ်ချိခ်နဲ့ ကာနေးချူကွေမီကာတို့ဟာလည်း ပြီးခဲ့တဲ့ပွဲစဉ်တွေရဲ့ ကွင်းလယ်ပိုင်းမှာ နေရာရခဲ့ကြပါတယ်။ 

#ပြင်သစ် #ချဲလ်ဆီး #ကန်တီ