ရှေ့သို့
Image

ကွန်တီ နည်းပြရာထူးမှ ချက်ချင်းနုတ်ထွက်ဖို့ လိုလားနေတဲ့ တော့တင်ဟမ် ကစားသမားများ

2:59 PM, 20 March

ပြီးခဲ့တဲ့စနေနေ့၊ သတင်းစာရှင်းလင်းပွဲအတွင်း အသင်းကစားသမားတွေနဲ့ ကလပ်အသင်းအပေါ် ပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုခဲ့တဲ့ နည်းပြကွန်တီကို အသင်းမှ ချက်ချင်းထွက်ခွာသွားဖို့ တော့တင်ဟမ်ကစားသမားတွေ လိုလားနေတယ်လို့ သတင်းတွေမှာ ဖော်ပြလာပါတယ်။

တော့တင်ဟမ်နဲ့ တစ်ဖက်သုံးဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်အပြီး နည်းပြကွန်တီက တော့တင်ဟမ်ကစားသမားတွေဟာ တကိုယ်ကောင်းဆန်ကြတယ်လို့ စွပ်စွဲပြောဆိုခဲ့သလို အသင်းရဲ့အစဉ်အလာသမိုင်းကြောင်းမှာ အမြစ်တွယ်နေတဲ့ ပြဿနာတွေ ရှိနေတယ်လို့လည်း ထုတ်ဖော်ခဲ့တာပါ။

အီတာလျံနည်းပြက အခုရာသီကုန်မှာ မြောက်လန်ဒန်ကလပ်နဲ့ စာချုပ်သက်တမ်းပြည့်မှာဖြစ်ပြီး လက်ရှိအချိန်အထိ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးနေတာမျိုး မရှိသေးပါဘူး။ ဒါပေမယ့် The Guardian သတင်းဌာနရဲ့အဆိုအရ ကွန်တီဟာ လက်ရှိရာထူးမှ ရာသီကုန်မတိုင်ခင် နုတ်ထွက်သွားမယ်လို့ တော့တင်ဟမ် ကစားသမားတွေက ယုံကြည်နေပြီး ကစားသမားအများစုကလည်း ကွန်တီကို မထောက်ခံတော့ဘူးလို့ သိရပါတယ်။

လက်ရှိအချိန်မှာ ကွန်တီအပေါ် ထောက်ခံတဲ့ ကစားသမား ဘယ်လောက်အထိ ရှိနေသေးသလဲဆိုတာနဲ့ပတ်သက်ပြီး သံသယတွေလည်း တိုးပွားလာနေပါတယ်။ ကွန်တီကလည်း အီတလီစီးရီးအေဘောလုံးလောကဆီ ပြန်သွားတော့မယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ပြီးခဲ့တဲ့စနေနေ့၊ မီဒီယာတွေရှေ့မှောက် ကွန်တီရဲ့ဒေါသအိုးပေါက်ကွဲခြင်းမှာ အခုရာသီအတွက် ပထမဆုံးအကြိမ်တော့ မဟုတ်ပေ။

ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း အသင်းရဲ့ အပြောင်းအရွှေ့လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ မပျော်ရွှင်မိဘူးလို့ ကွန်တီက ထုတ်ပြောခဲ့ဖူးပါတယ်။ နိုင်ငံတကာသီတင်းပတ်အပြီး ဧပြီ ၃ ရက်၊ အဲဗာတန်နဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီ တော့တင်ဟမ် အသင်းအကြီးအကဲတွေက နည်းပြကွန်တီရဲ့အနာဂတ်နဲ့အတူ လတ်တလောဖြစ်ပေါ်နေတဲ့ ကိစ္စရပ်တွေနဲ့ စပ်လျဉ်းလို့ အဆုံးအဖြတ်ပေးရပါတော့မယ်။

#တော့တင်ဟမ် #ကွန်တီ #ပရီးမီးယားလိဂ်