ရှေ့သို့
Image

မာကိုဆေးလ်ဗားကို ကွန်တီရဲ့နေရာမှာ အစားထိုးဖို့ စောင့်ကြည့်နေတဲ့ တော့တင်ဟမ်

4:32 PM, 14 March

တော့တင်ဟမ်အသင်းဟာ လက်ရှိနည်းပြအန်တိုနီယိုကွန်တီသာ နွေရာသီမှာ အသင်းက ထွက်ခွာခဲ့ရင် ဖူလ်ဟမ်နည်းပြ မာကိုဆေးလ်ဗားကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့စောင့်ကြည့်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ နည်းပြကွန်တီဟာ မြောက်လန်ဒန်နဲ့ စာချုပ်သက်တမ်းက ၂၀၂၃-၂၄ ရာသီကုန်မှာ သက်တမ်း ကုန်မှာပဲ ဖြစ်ပါတယ်။

အသင်းဘက်ကတော့ မူလက စာချုပ်သက်တမ်းတိုးဖို့ လမ်းဖွင့်ထားပေမယ့် မကြာသေးမီကမှ အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပြီးနောက် အမြင်ပြောင်းသွားခဲ့ပါတယ်။ ဥရောပပြိုင်ပွဲမှာ အေစီမီလန်ကို ရှုံးနိမ့်ခဲ့ပြီးနောက် လက်ရှိရာသီကုန်မှာ ကွန်တီအနေနဲ့ အသင်းကနေ ထွက်ခွာမယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပါတယ်။ ဒီရာသီပရီးမီးယားလိဂ်မှာ ရလဒ်ကောင်းခဲ့ရင်တောင်မှ ၅၃ နှစ်အရွယ် နည်းပြကြီးနဲ့ လွဲခေါ်ဖို့ ရာခိုင်နှုန်းများလျက်ရှိပါတယ်။
 
ချဲလ်ဆီးနည်းပြဟောင်း သောမတ်စ်တူချယ်၊ စပိန်နည်းပြဟောင်း လူးဝစ်အင်းနရစ်၊ ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ်ဖရန့်ခ်နဲ့ နော်တင်ဟမ်ဖောရက်စ်နည်းပြ စတိဗ်ကူးပါးတို့လည်း တော့တင်ဟမ်ရဲ့ နည်းပြစာရင်းထဲမှာ ရှိနေပါတယ်။ The Sun ရဲ့အဆိုအရတော့ ဖူလ်ဟမ်အတွက် စွမ်းဆောင်ရည်ကောင်းတွေ ပြနေတဲ့ မာကိုဆေးလ်ဗားကတော့ ရေပန်းအစားဆုံးဖြစ်နေတယ်လို့ သိရပါတယ်။ ၂၀၂၁-၂၂ ရာသီမှာ ချန်ပီယံရှစ်ကနေ တန်းတက်လာခဲ့ပြီးနောက် တန်းဆင်းဇုန်ကိစ္စကို ပူစရာမလိုတော့တဲ့အပြင် ဥရောပဝင်ခွင့် တစ်နေရာပါ ရရှိနိုင်တဲ့အထိ ဆေးလ်ဗားက အသင်းကို ဦးဆောင်နိုင်ခဲ့ပါတယ်။

လက်ရှိမှာ ၂ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ပေမယ့် ဖူလ်ဟမ်ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဖယားမှာ အဆင့် ၄ က တော့တင်ဟမ်နဲ့ ၉ မှတ်အကွာ အဆင့် ၈ နေရာမှာ ရပ်တည်လျက်ရှိပါတယ်။ ယူရိုပါလိဂ်ဝင်ခွင့်ရရုံနဲ့ ဖူလ်ဟမ်က အောင်မြင်ပြီလို့ဆိုနိုင်ပြီး နည်းပြဆေးလ်ဗားအနေနဲ့လည်း အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။ ၄၅ နှစ်အရွယ် နည်းပြဟာ ဖူလ်ဟမ်ကို သူ့ရဲ့နည်းပြဘ၀ ၇ သင်းမြောက်အသင်းအဖြစ် ကိုင်တွယ်နေတာဖြစ်ပြီး လက်ရှိမှာ ၈၂ ပွဲ တာဝန်ယူခဲ့ပြီးဖြစ်လို့ အသင်းတစ်သင်းတည်းမှာ ဒုတိယမြောက် အကြာဆုံး အသင်းကို တာဝန်ယူတာလည်း ဖြစ်ပါတယ်။

#တော့တင်ဟမ် #ကွန်တီ #အပြောင်းအရွှေ့ မာကိုဆေးလ်ဗား