ရှေ့သို့
Image

ပါရီဆစ်ရဲ့လှည့်စားခြင်းခံရတဲ့ ဗန်ဒိုက် လူမှုကွန်ရက်မှာ လှောင်ပြောင်ခံနေရ

10:29 AM, 1 May

လီဗာပူး နောက်ခံလူ ဗန်ဒိုက်တစ်ယောက် တော့တင်ဟမ်ကို ၄-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲက ဖြစ်ရပ်တစ်ခုကြောင့် ပရိသတ်တွေရဲ့ အကြီးအကျယ် လှောင်ပြောင်ခြင်းကို ခံနေရပါတယ်။ ဒီပွဲရဲ့ ပထမပိုင်းပွဲကစားချိန်မှာ ပြိုင်ဘက် ကစားသမား ပါရီဆစ်က ဗန်ဒိုက်ကို လှည့်စားခံရာကနေ အခုလိုမျိုး ဖြစ်ပွားခဲ့တာပါ။

ပါရီဆစ်က ဘောလုံးနဲ့အတူ ဗန်ဒိုက်ချ်ကို ကျော်ဖြတ်ဖို့ ကြိုးစားနေချိန်မှာ ဗန်ဒိုက်တစ်ယောက် ရုပ်ပျက်ဆင်းပျက် လဲကျခဲ့တာဖြစ်ပြီး သူ့ရဲ့ခြေထောက်အနေအထားအရလည်း ကံကောင်းလို့သာ ဒဏ်ရာပြင်းပြင်းထန်ထန်မရရှိခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဒီဖြစ်ရပ်က ဟယ်ရီကိန်းရဲ့ ပထမချေပဂိုးဆီကိုလည်း ဦးတည်သွားခဲ့ပါတယ်။

ပါရီဆစ်ရဲ့ ဖန်တီးပေးမှုနဲ့ပဲ တော့တင်ဟမ်တို့ သုံးဂိုးပြတ်ရှုံးနေချိန်မှာ ဟယ်ရီကိန်းက ချေပဂိုးတစ်ဂိုး စတင်သွင်းယူပေးနိုင်ခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာတော့ ဆွန်ဟောင်မင်၊ ရစ်ချာလီဆန်တို့ရဲ့ ချေပဂိုးတွေ ဆက်တိုက်ရရှိခဲ့ပါတယ်။  ဒါပေမယ့်လည်း လီဗာပူးက တိုက်စစ်မှူး ဂျိုတာရဲ့ အနိုင်ဂိုးကြောင့် တော့တင်ဟမ်တို့ ကံဆိုးခဲ့ရတာဖြစ်ပါတယ်။

လီဗာပူးတို့အနေနဲ့ အန်ဖီးလ်မှာ နိုင်ပွဲရရှိခဲ့တာကြောင့် လာမယ့်ရာသီ ဥရောပဝင်ခွင့်တစ်နေရာအတွက် အခြေအနေကောင်းသွားခဲ့ပေမယ့် အဓိကဗဟိုနောက်ခံလူကြီး ဗန်ဒိုက်ရဲ့ဖြစ်ရပ်ကတော့ ကမ္ဘာတစ်ဝန်းက ပရိသတ်တွေအတွက် လှောင်ပြောင်လုပ်စရာ ဇာတ်ကောင်တစ်ခု ရရှိသွားစေခဲ့တာလည်း ဖြစ်ပါတယ်။
ဗန်ဒိုက်ဟာ ဒီရာသီအစောပိုင်းကလည်း အသင်းရဲ့ရလဒ်ဆိုးတွေကြောင့် မကြာခဏ ဝေဖန်လှောင်ပြောင်ခံခဲ့ရသလို သူ့ရဲ့ခံစစ်ကစားပုံ အမှားအယွင်းအချို့ကလည်း ပရိသတ်တွေအတွက် ဟာသလုပ် နောက်ပြောင်စရာဖြစ်ခဲ့ရပါတယ်။

မနေ့ညက တော့တင်ဟမ်နဲ့ပွဲမှာလည်း ပါရီဆစ်ရဲ့ လှည့်စားမှုကြောင့် ဗန်ဒိုက်တစ်ယောက် ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ရပြီး မွေးရပ်မြေ နယ်သာလန်ကို ပြန်ရောက်သွားသလို ဖြစ်ခဲ့ရတယ်လို့ ပရိသတ်အချို့က လှောင်ပြောင်နေကြပါတယ်။

#လီဗာပူး #တော့တင်ဟမ် #ဗန်ဒိုက် #ပါရီဆစ် #ပရီးမီးယားလိဂ်