ရှေ့သို့
Image

မော်ရိုကို ကွင်းလယ်ကြယ်ပွင့်ကစားသမားကို ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ စပိန်ထိပ်သီး ဘာစီလိုနာ

3:50 PM, 12 December

လက်ရှိကျင်းပနေတဲ့ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ခြေစွမ်းပြသနေတဲ့ မော်ရိုကိုကွင်းလယ်လူ အူနာဟီကို ခေါ်ယူဖို့ ဘာစီလိုနာက စောင့်ကြည့်နေတယ်လို့ စပိန်မှလာတဲ့သတင်းတွေအရ သိရပါတယ်။

အာဖရိကတိုက်ကိုယ်စားပြုအသင်းက အခုကမ္ဘာ့ဖလားပြိုင်ပွဲမှာ အံ့အားသင့်စရာတွေ ဖန်တီးပြနေပြီး သမိုင်းတလျှောက် ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်အဆင့်တက်ရောက်နိုင်တဲ့ ပထမဆုံးအာဖရိကအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အခုလိုစွမ်းဆောင်ပြနေတဲ့ မော်ရိုကိုအသင်းရဲ့ ကွင်းလယ်ပိုင်းမှာ အူနာဟီကလည်း အဓိကကစားသမားအဖြစ် ပါဝင်နေပါတယ်။ အထူးသဖြင့် စပိန်၊ ပေါ်တူဂီတို့ကို ကျော်ဖြတ်ခဲ့တဲ့ ရှုံးထွက်အဆင့်ပွဲစဉ်တွေမှာ အူနာဟီရဲ့ခြေစွမ်းပိုင်းက တောက်ပလွန်းခဲ့ပါတယ်။

စပိန်အခြေစိုက် Mundo Deportivo သတင်းဌာနရဲ့အဆိုအရ လာလီဂါထိပ်သီး ဘာစီလိုနာက အခုလာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ အိုနာဟီကို နူးကမ့်မြေဆီ အရောက်ခေါ်ယူနိုင်ဖို့ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

ဘဏ္ဍာရေးအခက်အခဲကြုံတွေ့နေရတဲ့ ဘာစီလိုနာက သူတို့ရဲ့ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ကြိုပမ်းမှုအဖြစ် တန်ဖိုးနည်းခြေစွမ်းကောင်းကစားသမားတွေကို ရှာဖွေနေပါတယ်။ အန်ဂါးစ်ကွင်းလယ်လူ အိုနာဟီက အခုလိုကစားသမားစာရင်းမျိုးမှာ ပါဝင်နေပြီး သူ့အတွက် ခန့်မှန်းပြောင်းရွှေ့ကြေးမှာ ပေါင် ၄ သန်း ရှိတယ်ဆိုပေမယ့် ကမ္ဘာ့ဖလားမှာပြသနေတဲ့ စွမ်းဆောင်ရည်တွေကြောင့် ပြောင်းရွှေ့ကြေးပမာဏမှာ အခုထက် ပိုမိုများပြားလာလိမ့်မယ်လို့ ယုံကြည်ရပါတယ်။

အသက်-၂၂ နှစ်အရွယ်ကွင်းလယ်လူက ပြီးခဲ့တဲ့ဘောလုံးရာသီမှာ လီဂူးဝမ်းကလပ်အတွက် အထူးတောက်ပခဲ့ပြီး အခုနှစ်အစောပိုင်းမှာ ကျင်းပတဲ့ အာဖရီကနိုင်ငံများဖလားပြိုင်ပွဲမှာ မိခင်နိုင်ငံအတွက် ပွဲဦးထွက်ပါဝင်ကစားပေးခဲ့ပါတယ်။

Sky Sports သတင်းဌာနရဲ့အဆိုအရ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ အူနာဟီကို ဆီဗီလာအပါအဝင် စပိန်ကလပ်အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် အန်ဂါးစ်အသင်းနဲ့သာ လေးနှစ်စာချုပ်သစ် ထပ်မံချုပ်ဆိုဖို့ ကစားသမားက ဆုံးဖြတ်ခဲ့ပါတယ်။ မော်ရိုကိုကိုရှုံးနိမ့်ခဲ့တဲ့ ၁၆ သင်းအဆင့်ရှုံးထွက်ပွဲစဉ်အပြီး စပိန်အသင်းနည်းပြ အင်းနရစ်က အူနာဟီရဲ့ ခြေစွမ်းပိုင်းအပေါ် ချီးကျူးပြောဆိုပါခဲ့ပါတယ်။

“အို….ဘုရားသခင်! ဒီကောင်လေး ဘယ်နေရာကလာတာလဲ? အူနာဟီက တကယ်ကစားနိုင်တာပဲ။ သူက ကျွန်တော့်ကို အံ့အားသင့်စေပါတယ်။ သူ ပြေးနေတာ မရပ်သွားဘူး။ သူ မောပန်းနွမ်းလျနေမယ်” လို့ အင်းနရစ်က ဆိုပါတယ်။

မော်ရိုကိုက လာမယ့်ဗုဒ္ဓဟူးနေ့ ညပိုင်းမှာ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် လက်ရှိချန်ပီယံပြင်သစ်အသင်းနဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။

#၂၀၂၂ကမ္ဘာ့ဖလား #မော်ရိုကို #အူနာဟီ