ရှေ့သို့
Image

ရစ်ချာလီဆန်ရဲ့ တံကောက်ကြောဒဏ်ရာ အခြေအနေကို စောင့်ကြည့်နေတဲ့ တော့တင်ဟမ်

4:35 PM, 21 December

ကမ္ဘာ့ဖလားမှာ ရရှိခဲ့တဲ့ တံကောက်ကြောဒဏ်ရာကို MRI စကန်ဖတ်ပြီး စစ်ဆေးနေကြောင်း တော့တင်ဟမ်နည်းပြ အန်တိုနီယိုကွန်တီက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ကမ္ဘာ့ဖလားမတိုင်ခင်က ရရှိခဲ့တဲ့ ခြေသလုံးဒဏ်ရာကနေ ပြန်လာနိုင်ပြီးနောက် ရစ်ချာလီဆန်ဟာ ကာတာမှာကစားခဲ့တဲ့ ပွဲစဉ်တွေအတွင်း ဆားဘီးယားကိုသွင်းခဲ့တဲ့ ၂ ဂိုးအပါအဝင် သွင်းဂိုး ၃ ဂိုးထိ ရရှိခဲ့ပါတယ်။ ဒါပေမယ့် တော့တင်ဟမ် တိုက်စစ်မှူးဟာ ခရိုအေးရှားနဲ့ ကွာတားဖိုင်နယ်မှာတော့ တံကောက်ကြောဒဏ်ရရျိခဲ့ပြီး ဘရာဇီးအသင်းကလည်း ပွဲချိန်အတွင်းမှာ သရေကျခဲ့ပြီး ခရိုအေးရှားကို ပင်နယ်တီနဲ့ အရေးနိမ့်သွားခဲ့ပါတယ်။

တော့တင်ဟမ်ကတော့ လာမယ့်တနင်္လာနေ့မှာ ပရီးမီးယားပွဲစဉ် ပြန်လည်စတင်မှုအဖြစ် ဘရန့်ဖို့ဒ်နဲ့ ကစားသွားမှာဖြစ်ပြီး ဘန်ဒေးဗီးစ်နဲ့ ရိုဒရီဂိုဘန်တန်ကာတို့ကတော့ ဒဏ်ရာကင်းကင်းနဲ့  ပြန်လာနိုင်ကြပါတယ်။ နည်းပြကွန်တီအတွက်တော့ ရစ်ချာလီဆန်ရဲ့ ကြံ့ခိုင်မှုအနေအထားကိုသာ စောင့်ဖို့ လိုပါတော့တယ်။

ကွန်တီက “ဘန်ဒေးဗီးစ်လည်းအိုကေတယ်၊ ပြီးခဲ့တဲ့အပတ်ကတည်းက လေ့ကျင့်ခန်းပြန်ဆင်းနေပြီ။ ရိုဒရီဂိုလည်း ရောက်တာနဲ့လေ့ကျင့်နေတယ်။ အက်စတွန်ဗီလာနဲ့ပွဲကျရင် သူဝင်ကစားနိုင်မှာပါ (ဇန်နဝါရီ ၁ ရက်နေ့)။ ရစ်ချီကတော့ မနက်ဖြန်ကျရင် MRI ရိုက်ဖို့ ရှိတယ်။ သူ့ဒဏ်ရာက အရေးကြီးမှန်း ကောင်းကောင်းသိကြပါတယ်။ မနက်ဖြန်ကျရင်တော့ ပြန်သက်သာဖို့ အချိန်ဘယ်လောက် ယူရမလဲ ကြည့်ကြတာပေါ့”လို့ ပြောခဲ့ပါတယ်။

တော့တင်ဟမ်ဟာ ဒီရာသီမှာ အဓိကတိုက်စစ်မှူးတွေ မကြာခဏဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရပေမယ့်လည်း ကမ္ဘာ့ဖလားမတိုင်ခင်ထိ နည်းပြကွန်တီဟာ အသင်းကို ဒုတိယနေရာက မန်စီးတီးနဲ့ ၃ မှတ်အကွာ အဆင့် ၄ နေရာမှ ရပ်တည်နေနိုင်အောင် စွမ်းဆောင်ပေးထားပါတယ်။

#ဘရာဇီး #တော့တင်ဟမ် #ရစ်ချာလီဆန် #၂၀၂၂ကမ္ဘာ့ဖလား