ရှေ့သို့
Image

အူနာဟီကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ်အသင်းနဲ့ ယှဉ်ပြိုင်ရဖွယ်ရှိတဲ့ စပိန်ထိပ်သီး ဘာစီလိုနာ

4:43 PM, 14 December

လက်ရှိ ကျင်းပနေတဲ့ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ခြေစွမ်းပြသနေတဲ့ မော်ရိုကိုကွင်းလယ်ကြယ်ပွင့် အူနာဟီကို ခေါ်ယူဖို့ ဘာစီလိုနာက စောင့်ကြည့်နေတယ်လို့ အခုသီတင်းပတ်အစောပိုင်းမှာ သတင်းဌာနတွေရဲ့ ဖော်ပြမှုတွေအရ သိရပါတယ်။

အာဖရိကတိုက်ကိုယ်စားပြုအသင်းက အခုကမ္ဘာ့ဖလားပြိုင်ပွဲမှာ အံ့အားသင့်စရာတွေ ဖန်တီးပြနေပြီး သမိုင်းတလျှောက် ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်အဆင့်တက်ရောက်နိုင်တဲ့ ပထမဆုံး အာဖရိကအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အခုလိုစွမ်းဆောင်ပြနေတဲ့ မော်ရိုကိုအသင်းရဲ့ ကွင်းလယ်ပိုင်းမှာ အူနာဟီကလည်း အဓိကကစားသမားအဖြစ် ပါဝင်နေပါတယ်။

ဒီကစားသမားလေးက ဘာစီလိုနာရဲ့ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့ အသင့်တော်ဆုံးလို့ ယူဆလာသလို အူနာဟီအနေနဲ့ ဘာစီလိုနာရဲ့ ဗဟိုကွင်းလယ်နဲ့ ကွင်းလယ်ခံစစ်နှစ်ယောက်တွဲနေရာတွေမှာ ကစားနိုင်စွမ်းလည်း ရှိပါတယ်။ ဒါပေမယ့် စပိန်အခြေစိုက် L’Equipe သတင်းဌာနရဲ့နောက်ဆုံးရသတင်းဖော်ပြမှုအရ ဘာစီလိုနာက လီဂူးဝမ်းကလပ် အန်ဂါးစ်ကွင်းလယ်လူ အူနာဟီကိုခေါ်ယူနိုင်ဖို့ ပရီးမီးယားလိဂ်ကလပ် လက်စတာအသင်းနဲ့ ယှဉ်ပြိုင်ရဖွယ် ရှိနေပါတယ်။

လက်စတာအသင်းက အသက်-၂၂ နှစ်အရွယ် ကွင်းလယ်လူအတွက် ပြောင်းရွှေ့ကြေးယူရို ၄၅ သန်းအထိ သုံးစွဲဖို့ အသင့်ပြင်ထားတယ်လို့ သိရပါတယ်။ လက်စတာအနေနဲ့ အခုရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ကွင်းလယ်လူတိုင်လီမန်းစ်နေရာမှာ အစားထိုးဖို့ မော်ရိုကိုလက်ရွေးစင်ကို စောင့်ကြည့်နေတာဖြစ်နိုင်တယ်လို့ သတင်းတွေအရ သိရပါတယ်။

အူနာဟီအတွက် လက်စတာက အဆိုပါပြောင်းရွှေ့ကြေးပမာဏကို အသုံးပြုမယ်ဆိုရင် ဘဏ္ဍာရေး အခက်အခဲကြုံတွေ့နေရတဲ့ နူးကမ့်ကလပ်အတွက် စိတ်ကြိုက်ပစ်မှတ်ကစားသမားကို လက်လွှတ်သွားရဖွယ် ရှိပါတယ်။ လက်စတာနဲ့ ဘာစီလိုနာအပြင် လာလီဂါကလပ် ဆီဗီလာကလည်း အူနာဟီကိုခေါ်ယူနိုင်ဖို့ စောင့်ကြည့်နေတယ်လို့လည်း အတည်မပြုနိုင်သေးတဲ့သတင်းတွေအရ သိရပါတယ်။

အူနာဟီရဲ့ မော်ရိုကိုအသင်းက ဒီနေ့ညပိုင်းမှာ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် လက်ရှိချန်ပီယံပြင်သစ်အသင်းနဲ့ ရင်ဆိုင်ကစားရဖို့ရှိပြီး ပြင်သစ်အသင်းကိုကျော်ဖြတ်နိုင်ခဲ့ပါက ဗိုလ်လုပွဲအဆင့်မှာ အာဂျင်တီးနားနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

#၂၀၂၂ကမ္ဘာ့ဖလား #မော်ရိုကို #အူနာဟီ