ရှေ့သို့
Image

ကြံ့ခိုင်မှု မပြည့်ဝခြင်းအတွက် ကွင်းထဲက အဲယားကွန်းတွေကို အပြစ်တင်လိုက်တဲ့ အန်တိုနီ

3:03 PM, 30 November

ဘရာဇီးတောင်ပံကစားသမား အန်တိုနီက ကြံ့ခိုင်မှုမပြည့်ဝဘဲ နေမကောင်းဖြစ်နေခြင်းအတွက် ကမ္ဘာ့ဖလားကျင်းပရာ ကွင်းထဲက အဲယားကွန်းတွေကို ဝေဖန်သွားခဲ့ပါတယ်။

ဘရာဇီးသားဟာ ဆားဘီးယား၊ ဆွစ်ဇာလန်တို့နဲ့ ပွဲစဉ်တွေမှာ အရန်ခုံကနေသာ ပါဝင်ခဲ့ရတာကို တွေ့ရပါတယ်။ ဒါပေမယ့် အဖွင့်ပွဲစဉ်အပြီးမှာ နေမာ၊ ဒန်နီလိုတို့လိုပဲ အန်တိုနီတစ်ယောက် လေ့ကျင့်ခန်းအစီအစဉ်ကို လွဲချော်ခဲ့ပါတယ်။ Streamer ကတ်စ်မဲရိုးနဲ့ အင်တာဗျူးမှာ ဘရာဇီးသားက ကာတာနိုင်ငံကွင်းတွေထဲက အဲယားကွန်းဟာ သူ့ကို နေမကောင်းဖြစ်စေခဲ့တယ်ဆိုပြီး အပြစ်တင်သွားခဲ့ပါတယ်။

အန်တိုနီက “ဒီမှာကစားရတာက တော်တော်လေး ခက်ခဲပါတယ်။ ကျွန်တော့်ကို ရက်အနည်းငယ်လောက် ခံစားရစေခဲ့တဲ့ မအီမသာဖြစ်မှုမျိုး ခံစားရပါတယ်။ ကျွန်တော် အခုတော့ ပြန်သက်သာလာပြီး ကြံ့ခိုင်မှု ၁၀၀% ရနေပါပြီ။ လည်ချောင်းမှာ ပိုပြီးဝေဒနာခံစားရပါတယ်။ ဒီလိုဖြစ်ရတာက ကွင်းထဲက အဲယားကွန်းတွေကြောင့်ပါ” “ကျွန်တော်တင်မကပဲ အခြားကစားသမားတွေလည်း နှာစေးချောင်းဆိုးတွေဖြစ်နေကြပြီး လည်ချောင်းဝေဒနာခံစားရပါတယ်။ နေမကောင်းဖြစ်တာက ခက်ခဲပေမယ့် အသင်းရဲ့ အဓိကနေရာမှာ ပါဝင်ရလို့ ပျော်ပါတယ်။ အန်တိုနီလို့ ခေါ်လိုက်တာနဲ့ ကျွန်တော် အမြဲရှိနေပါမယ်”လို့ ပြောခဲ့ပါတယ်။

#ဘရာဇီး #အန်တိုနီ #၂၀၂၂ကမ္ဘာ့ဖလား #ဆွစ်ဇာလန် #ဆားဘီးယား