ရှေ့သို့
Image

ဂျပန်ကို ရှုံးတဲ့ပွဲက ရူဒီဂါရဲ့ ပရိုမဆန်တဲ့လုပ်ရပ်အပေါ် ဂျာမနီ လက်ရွေးစင်ဟောင်း ဝေဖန်

4:45 PM, 24 November

ဂျာမနီလက်ရွေးစင်ဟောင်းတစ်ယောက်ဖြစ်တဲ့ ဒီရက်မာဟာမန်းက ဂျပန်ကို ၂-၁ နဲ့ အရေးနိမ့်ခဲ့တဲ့ ဂျာမနီအသင်းရဲ့ ပွဲစဉ်မှာ မလိုအပ်ပဲ showboating လုပ်ပြီး ပရိုမဆန်ခဲ့တာကြောင့် ပြစ်တင်ဝေဖန်သွားခဲ့ပါတယ်။

ဂျာမနီအသင်းဟာ ဂန်ဒိုဂန်ရဲ့ ပင်နယ်တီသွင်းဂိုးကြောင့် ဦးဆောင်ဂိုစတင်ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာ ဂျပန်အသင်းရဲ့ တုံ့ပြန်မှုကြောင့် ကမ္ဘာ့ဖလား ၄ ကြိမ်ရချန်ပီယံအသင်းဟာ ဒုက္ခရောက်သွားခဲ့ပြီး ရီဆုဒိုအန်က ချေပဂိုး၊ တာကုမအာဆာနိုက ပွဲပြီးဖို့ ၇ မိနစ်ခန့် အလိုမှာ အနိုင်ဂိုးတွေကို သွင်းယူသွားခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန်အတွင်းမှာ ရူဒီဂါဟာ ထူးဆန်းတဲ့ ပြေးဟန်နဲ့ ဘောလုံးနောက်ကို ပြေးလိုက်ခဲ့တာကို မြင်တွေ့ရပါတယ်။ ဘရာဇီးကို အရေးနိမ့်ခဲ့တဲ့ ၂၀၀၂ ကမ္ဘာ့ဖလားမှာ ဂျာမနီအသင်းအတွက် ကစားပေးခဲ့ဖူးသူ ဟာမန်းက ရူဒီဂါရဲ့ အပြုအမူအပေါ် အခုလိုဝေဖန်ခဲ့ပါတယ်။

“ဘောလုံးက စည်းကျော်မယ်ဆိုတာကို ရူဒီဂါကောင်းကောင်းသိပါတယ်၊ အဲ့ဒါကြောင့်လည်း သူ့ခြေထောက်ကို မြှောက်ပြီးရူးကြောင်ကြောင်အပြုအမူကို လုပ်သွားတာပါ။ ပြိုင်ဘက်ကိုလုံး၀ အထင်မသေးသင့်ပါဘူး၊ တစ်ချိန်မဟုတ်တစ်ချိန် ကိုယ်ပြန်ခံရနိုင်ပါတယ်။ အခုလုပ်ရပ်ကတော့ တကယ့်ကို ပရော်ဖက်ရှင်နယ် မဆန်တဲ့လုပ်ရပ်မျိုးပါ။ မလုပ်သင့်တဲ့အရာပါ။ စိတ်ပျက်ဖို့ကောင်းပါတယ်၊ ဒီအပြုအမူအပေါ် ကာပြောနေစရာအကြောင်း မရှိပါဘူး။ သူကရယ်တောင် ရယ်နေသေးတယ်၊ အခုကျ တကယ်ရယ်ရမယ့် သူကဘယ်သူလဲ သိသွားလိမ့်မယ်။ ဘယ်သူတွေ ဒီအပြုအမူကို သဘောကျကြလဲမသိဘူး၊ ထပ်ပြောရရင် ကျွန်တော့်အတွက်တော့ ဒါက လုံးဝကို လက်ခံလို့မရတဲ့ အပြုအမူပါပဲ။ ပြိုင်ပွဲတစ်ပွဲမှာ အားနည်းပေမယ့် စိတ်ဓာတ်နဲ့ ကစားပြီးနိုင်သွားတဲ့ သူတွေအများကြီးပါပဲ။ လေးစားမှုရှိပါ။ ခုသူ့အပြုအမူက ပြိုင်ဘက်ကို လုံးဝလေးစားမှုမရှိတဲ့ပုံစံပါ။ အဲ့ဒီအတွက်လည်း ပြန်ပေးဆပ်လိုက်ရတာပဲ၊ လုံးဝကို ပရော်ဖက်ရှင်နယ် မဆန်တဲ့ အပြုအမူပါပဲ” ဆိုပြီး ပြောသွားခဲ့ပါတယ်။

#ရူဒီဂါ #ဂျာမနီ #ဂျပန် #၂၀၂၂ကမ္ဘာ့ဖလား