ရှေ့သို့
Image

ကနေဒါနဲ့ပွဲမှာ အကောင်းဆုံး ကစားသမားဆုရတဲ့အပေါ် အံ့အားသင့်ခဲ့ရကြောင်း ဆိုလိုက်တဲ့ ဒီဘရိုင်း

10:55 AM, 24 November

ကမ္ဘာ့ဖလားအုပ်စု (F) ရဲ့ ပွဲစဉ်တစ်ပွဲအဖြစ် ဘယ်လ်ဂျီယံအသင်းနဲ့ ကနေဒါအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပွဲစဉ်အတွင်း ဘယ်လ်ဂျီယံ အသင်းက ကနေဒါအသင်းကို ဘက်ရှုဝါရီရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ကစားနိုင်ခဲ့ပြီး ပွဲအချိန်အတွင်းမှာ အထူးတလည် ခြေစွမ်းပြ ကစားနိုင်ခဲ့ခြင်း မရှိပေမဲ့ အကောင်းဆုံး ကစားသမား ဆုချီးမြင့်ခံရတဲ့အပေါ် အံ့အားသင့်ရတဲ့ အကြောင်း ပွဲစဉ်အပြီးမှာ ဖွင့်ဟ ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

မန်စီးတီးအသင်းရဲ့ စတားဖြစ်သူက ဘယ်လ်ဂျီယံအသင်းနဲ့ ကနေဒါ အသင်းတို့ ကစားခဲ့တဲ့ ပွဲစဉ်အတွင်းမှာ ဘောလုံးထိချက် ၄၈ကြိမ်နဲ့ ဂိုးရဖို့နီးစပ်စေမယ့် ဘောလုံးပေးပို့မှု ၄ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပေမဲ့ ကွင်းလယ်ပိုင်းမှာ စိုးမိုးနိုင်မှု အားနည်းခဲ့တာကြောင့် ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားအဖြစ် ချီးမြှင့်ခံလိုက်ရတဲ့အပေါ် အံ့အားသင့်နေခဲ့ရတာလည်း ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အုပ်စုအဖွင့်ပွဲစဉ်ဖြစ်တာနဲ့အညီ နည်းပြမာတီနက်ဇ် ဘယ်လ်ဂျီယံအသင်းက လူစုံတက်စုံနဲ့ ကနေဒါ အသင်းဘက်ကို အသာရဖို့ ပြင်ဆင်လာခဲ့ပြီး ပွဲအစပိုင်းမှာ ကနေဒါအသင်းကို ပင်နယ်တီခွင့်ပြုခဲ့ရပေမဲ့ အေဖွန်ဆိုဒေဗီးစ်ရဲ့ကန်သွင်းချက်ကို ဂိုးသမား ကော်တိုရစ် ကာကွယ်လိုက်နိုင်လို့သာ ပြိုင်ဘက်အသင်းရဲ့ ဦးဆောင်ခံရနိုင်ခြေကနေ  လွဲချော်ခဲ့တာဖြစ်ပြီး ပွဲကစားချိန် ၄၄မိနစ်အရောက်မှာတော့ လူကာကူရဲ့ နေရာမှာ ပွဲထွက်ကစားလာတဲ့ တိုက်စစ်ကစားသမား ဘက်ရှုဝါရီက အယ်လ်ဒါဝီရယ်ရဲ့ အကွက်မြင်တဲ့ ပေးပို့မှုကနေ ကန်သွင်းယူခဲ့တာကြောင့် အဆိုပါ တစ်လုံးတည်းသော သွင်းဂိုးဖြင့်ပင် ၁ - ၀ ရလဒ်ဖြင့် အနိုင်ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။

အကောင်းဆုံး ကစားသမားဆုရွေးချယ် ချီးမြှင့်ခံခဲ့ရတာနဲ့ ပက်သက်လို့  ဒီဘရိုင်းက“ကျွန်တော်တော့ ဒီဆုကို ဘာလို့ ချီးမြှင့်ခံလိုက်ရလဲ မတွေးတတ်ပါဘူး။ နာမည်ရ ကစားသမားတစ်ယောက် ဖြစ်နေလို့လည်း ဖြစ်ချင်ဖြစ်မှာပါ” “ကျွန်တော်တို့အသင်းလိုက် စုဖွဲ့ကစားဟန်အားနည်းခဲ့သလို ဒါ့အတွက် အဖြေမရှာနိုင်ခဲ့ကြပါဘူး။ လုံလောက်တဲ့ ကစားပုံကိုလည်း ပြသနိုင်ခဲ့ခြင်း မရှိဘူးလို့ပဲ မြင်ပါတယ်” လို့ ပွဲအပြီးမှာ ဖွင့်ဟ ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

#ဒီဘရိုင်း #၂၀၂၂ကမ္ဘာ့ဖလား #ဘယ်လ်ဂျီယံ #ကနေဒါ