ရှေ့သို့
Image

ဒီနေ့ညချန်ပီယံလိဂ်ပွဲစဉ်မှာ ဟာလန်းပါဝင်နိုင်မလားဆိုတဲ့မေးခွန်းကို ပြန်ဖြေလိုက်တဲ့ ပက်ဂွါဒီယိုလာ

4:16 PM, 11 October

ဒီနေ့ညပိုင်း၊ ဒိန်းမတ်မြေမှာ ကိုပင်ဟေဂင်နဲ့ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်အတွက် ဟာလန်းပါဝင်နိုင်ခြင်းရှိ၊မရှိကို မန်စီးတီးအသင်းရဲ့ဝန်ထမ်းတွေနဲ့ ဆွေးနွေးပြီးမှသာ အဖြေထုတ်သွားမယ်လို့ နည်းပြပက်ဂွါဒီယိုလာက ပြောဆိုလိုက်ပါတယ်။

လက်ရှိအချိန်မှာ မန်စီးတီးက အခုရာသီ၊ ချန်ပီယံလိဂ် ၁၆သင်းရှုံးထွက်အဆင့်တက်ရောက်နိုင်ဖို့ ရမှတ်သုံးမှတ်သာ လိုအပ်နေပြီး ဒီနေ့ညမှာတော့ ပြီးခဲ့တဲ့သီတင်းပတ်၊အိမ်ကွင်းမှာ ငါးဂိုးပြတ်အနိုင်ယူနိုင်ခဲ့တဲ့ ကိုပင်ဟေဂင်နဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

ဒီပွဲစဉ်ပြီးရင် မန်စီးတီးက ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်တွေအဖြစ် ဒေါ့မွန်၊ ဆီဗီလာတို့နဲ့ ဆက်လက်ကစားရဖို့ ရှိနေပြီး ဂွါဒီယိုလာအနေနဲ့ သူရဲ့အသင်းဟာ တက်နိုင်သမျှမြန်မြန်ဆန်ဆန် အလုပ်တွေပြီးမြောက်အောင် လုပ်ထားနိုင်တာမျိုး လိုချင်နေမှာပါ။

အခုရာသီ၊မန်စီးတီးအတွက် သွင်းဂိုးတွေနဲ့တောက်ပနေတဲ့ ဟာလန်းကို ဒီပွဲစဉ်မှာ အနားပေးနိုင်မလားဆိုတဲ့မေးခွန်းအပေါ် ပက်ဂွါဒီယိုလာက “ မသိသေးပါဘူး။ အသင်းရဲ့ကြံံ့ခိုင်ရေးမှူးတွေက ဘာလုပ်ရမလဲဆိုတာ အဆုံးအဖြတ်ပေးပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ဒီကိစ္စအပေါ် စဉ်းစားထားတာမျိုး မရှိပါဘူး။

ပွဲနေ့မှာလည်း ကျွန်တော်တို့ ဒီအတိုင်းပဲ လုပ်သွားပါလိမ့်မယ်။ ကျွန်တော်တို့က ကစားသမားတွေနဲ့ စကားပြောရပါမယ်။ ပွဲဆက်တွေများနေလို့ ပင်ပန်းနွမ်းလျမှုအတွက် စိုးရိမ်မှုတစ်ခု ရှိနေတာတော့ အမှန်ပါပဲ။ ကစားသမားတွေရဲ့ ကြံ့ခိုင်မှုအတွက် ဆွေးနွေးမှုအစီအစဉ်မှာ အားလုံးပါဝင်ရပါမယ်”လို့ ပြောဆိုခဲ့တာပါ။

ဒီနေ့ညပိုင်းပွဲစဉ်မှာ မန်စီးတီးသာအနိုင်ရရှိခဲ့မယ်ဆိုရင် ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ် ၂ပွဲကျန်ရှိချိန် သူတို့ရဲ့ အဓိကတိုက်စစ်မှူးဟာလန်းကို အနားပေးနိုင်ဖို့ အချိန်တွေရလာဖို့ ရှိပါတယ်။

အသက်-၂၂ နှစ်အရွယ်တိုက်စစ်မှူးကတော့ ကြံ့ခိုင်မှုပိုင်းအမြင့်ဆုံးအနေအထားမှာရှိနေပြီး မန်စီးတီးက ဒီသီတင်းပတ်ကုန်မှာ ပရီးမီးယားလိဂ်ပြိုင်ဖက်ကြီး လီဗာပူးကို အဝေးကွင်းမှာ ရင်ဆိုင်ကစားရဖို့ ရှိနေပါတယ်။

#မန်စီးတီး #ဂွါဒီယိုလာ #ဟာလန်း #ချန်ပီယံလိဂ်