ရှေ့သို့
Image

ချဲလ်ဆီးရဲ့ ရလဒ်ဆိုးတွေက တူချယ်ကြောင့်မဟုတ်ဘဲ တော့ဒ်ဘိုလီကြောင့်လို့ ဝေဖန်ခဲ့တဲ့ ဆောင်းနက်စ်

3:26 PM, 8 September

Sky Sport ရဲ့ ဘောလုံးဝေဖန်သုံးသပ်သူတစ်ဦးဖြစ်သလို လီဗာပူး အသင်းနဲ့အတူ ၁၉၈၀ ဝန်းကျင်ကာလတွေမှာ အောင်မြင်မှုတွေ ရယူပေးထားနိုင်ခဲ့သူ ဂန္ဓဝင်ကစားသမား ဆောင်းနက်စ်က ချဲလ်ဆီးအသင်းရဲ့ နည်းပြ သောမက်စ်တူချယ် ထုတ်ခံရတာနဲ့ပတ်သက်လို့ အထူးတလည်အံ့အားသင့်ခဲ့ ရခြင်းမရှိဘဲ ဒါဟာ ယခုနှစ်ရာသီမစတင်မီ အချိန်ကမှ ချဲလ်ဆီးအသင်းရဲ့ ပိုင်ရှင်ဖြစ်လာတဲ့ အမေရိကန်လုပ်ငန်းရှင် တော့ဒ်ဘိုလီအနေဖြင့် သူစိတ်ကြိုက် စတင်ဆောင်ရွက်ဖို့ ခြေလှမ်းတစ်ရပ်သာ ဖြစ်တယ်လို့ သုံးသပ် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းက နည်းပြ တူချယ်ကို ထုတ်ပယ်လိုက်တဲ့ အပေါ် ဆောင်းနက်စ်က“ဘိုလီက နယ်ပယ်ပေါင်းစုံကနေ ပိုက်ဆံရှာဖွေ ထားနိုင်ခဲ့တဲ့ ထူးချွန်တဲ့ လုပ်ငန်းရှင်တစ်ယောက်ပါ။ သူက ဘောလုံးလောကမှ နေလည်း ငွေကြေးအကျိုုးအမြတ်ရှာနိုင်မယ်လို့ အတွေးမျိုးရှိနေနိုင်သလို ဒီဘောလုံး အသိုင်းအဝိုင်းကြားမှာ သူကောင်းကောင်းကျင်လည် နိုင်ဖို့ စိတ်ကူးထားဟန် ရှိပါတယ်” “သူကိုယ်တိုင် ကြီးကြပ်ပြီးတော့ အပြောင်းအရွှေ့ကာလအတွင်း ပေါင်သန်း ၃၀၀ လောက်အထိ အသုံးပြုကာ ကစားသမားတွေကို ဝယ်ယူမှုပြုလုပ်ခဲ့တာပါ။ ဒါပေမဲ့ အသင်းရဲ့ ရလဒ်ပိုင်းဆိုးရွားလာတဲ့အခါ တာဝန်ယူသွားရတာကတော့ နည်းပြ တူချယ်သာ ဖြစ်ခဲ့ရပါတယ်။ တကယ်ဆို တော့ဒ်ဘိုလီအနေဖြင့် သူ့ကိုယ်သူ ချဲလ်ဆီးအသင်းရဲ့ အားကစားဒါရိုက်တာအဖြစ် သတ်မှတ်ကြေငြာတဲ့ နေ့မှာကတည်းက တစ်ခုခုတော့ လွဲနေပြီဆိုတာ သိသာနေပါတယ်” “ပြီးတော့ ချဲလ်ဆီးအသင်း ချန်ပီယံလိဂ်အပါအဝင်အဓိက ဆုဖလားတွေ ရယူနိုင်ခဲ့တဲ့ နေရာမှာ အဓိက နေရာက ပါဝင်ခဲ့ကြတဲ့ ဘရုဘက်ခ်၊ မာရီယာနာ နဲ့ ပီတာဆက်ချ် တို့ကို ထုတ်ပယ်လိုက်ဖို့လည်း သူကိုယ်တိုင်ပဲ ထုတ်ပယ်ခဲ့တာပါ။ တကယ်ဆို ချဲလ်ဆီးအသင်းရဲ့ ဘောလုံးအသိုင်းအဝန်းနဲ့ နီးစပ်မှု ရှိတဲ့သူတွေကို ဆက်ထိန်းထားဖို့ လိုပါတယ်” လို့ ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းက တော့ဒ်ဘိုလီ မတိုင်မီ အသင်းပိုင်ရှင်ဖြစ်ခဲ့တဲ့ ရုရှလူမျိုး ရိုမန်အေဗာရာမိုဗစ်ရဲ့ လက်ထက်မှာလည်း နည်းပြတွေဆက်တိုက်ဆိုသလို ထုတ်ပယ်ခဲ့တာမျိုးရှိခဲ့ပြီး စုစုပေါင်း နည်းပြ ၁၄ယောက် အထိကို ထုတ်ပယ်ထားခဲ့တာလည်း ဖြစ်ပါတယ်။

#ချဲလ်ဆီး #ဆောင်းနက်စ် #တော့ဒ်ဘိုလေ #ပရီးမီးယားလိဂ်