ရှေ့သို့
Image

ချန်ပီယံလိဂ် အုပ်စုအဆင့် မဲခွဲမှုရလဒ်တွေအပေါ် ကျေနပ်အားရနေတဲ့ အေစီမီလန် အကြီးအကဲ မာလ်ဒီနီ

4:03 PM, 26 August

လက်ရှိစကူဒက်တိုချန်ပီယံ အေစီမီလန်အသင်းနည်းစနစ်ဒါရိုက်တာ  ပေါ်လိုမာလ်ဒီနီက မနေ့ညပိုင်း၊ ချန်ပီယံလိဂ်အုပ်စုမဲခွဲပွဲရလဒ်တွေအပေါ် ကျေနပ်အားရတယ်လို့ ထုတ်ပြောလာပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ၇ နှစ်ခန့် ဝေးကွာခဲ့ပြီးနောက် ပြီးခဲ့တဲ့ဘောလုံးရာသီမှာ အေစီမီလန်က ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့ပေမယ့် လီဗာပူး၊ အက်သလက်တီကိုမက်ဒရစ်၊ ပေါ်တိုတို့ရဲ့နောက် အုပ်စုနောက်ဆုံးနဲ့ ပြိုင်ပွဲကနေထွက်ခွာခဲ့ရပါတယ်။

၂၀၂၁-၂၀၂၂ ဘောလုံးရာသီ စီးရီးအေချန်ပီယံအဖြစ် အောင်ပွဲဆင်နိုင်ခဲ့တဲ့ အေစီမီလန်အနေနဲ့ အခုတစ်ကြိမ် မဲခွဲမှုမှာတော့ ဦးစားပေးအဆင့်ရရှိခဲ့ပြီး ချဲလ်ဆီး၊ ဆဲလ်ဘတ်၊ ဒိုင်နမိုဇာဂရက်တို့နဲ့အတူ အုပ်စု (E) မှာ ကျရောက်ခဲ့ပါတယ်။

ချန်ပီယံလိဂ်အုပ်စုအဆင့်မဲခွဲပွဲအပြီး မဲခွဲမှုရလဒ်နဲ့ပတ်သက်လို့ အမြင်ကို မေးမြန်းလာချိန် မာလ်ဒီနီက “ကျွန်တော်တို့အသင်းက ဦးစားပေးအဆင့်ရရှိခဲ့လို့ ဒီအုပ်စုမှာ မြင်တွေ့ရတာပါ။ ဒါကြောင့် စာရွက်ပေါ်မှာ ပြီးခဲ့တဲ့ရာသီနဲ့နှိုင်းယှဉ်ရင် အခက်အခဲနည်းနည်းလျော့သွားတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အန္တရာယ်ကတော့ အမြဲတမ်းရှိနေတာပါ။ ဆဲလ်ဘတ်ကလည်း ကြီးမားတဲ့ သမိုင်းကြောင်းမရှိပေမယ့် အင်အားတောင့်တင်းတဲ့ အသင်း တစ်ခုပါ။ ဒါကြောင့် ရင်ဆိုင်ဖို့ ခက်ခဲလေ့ရှိပါတယ်။ ဒိုင်နမိုဇာဂရက်နဲ့လည်း ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ခြေစစ်ပွဲအဆင့်တွေမှာ  ရင်ဆိုင်ခဲ့ဖူးပါတယ်။ အုပ်စုတွင်းမှာ ရေပန်းအစားဆုံးကတော့ အေစီမီလန်နဲ့ ချဲလ်ဆီးပေါ့။ အုပ်စုထဲမှာ မင်းနဲ့အတူ အင်အားတောင့်တင်းတဲ့ အသင်းတစ်ခုရှိနေတာ ကောင်းပါတယ်။ ဒါက အုပ်စုတက်ဖို့အတွက် နည်းနည်းလေး ပိုပြီးအကူအညီဖြစ်စေပါတယ်။ မဲခွဲမှုရလဒ်တွေကိုတော့ ကျေနပ်မိပါတယ်”

“ကျွန်တော်တို့အသင်းရဲ့ ရည်ရွယ်ချက်ကတော့ ခြေစွမ်းတိုးတက်လာဖို့နဲ့ အုပ်စုထိပ်ဆုံးနှစ်သင်းမှာ ပါဝင်ဖို့ပဲ ဖြစ်ပါတယ်။ ဒါက အပြောလွယ်ပေမယ့် အလုပ်ခက်ပါတယ်။ ကွင်းထဲမှာ ဒီလိုအနေအထားမျိုးနဲ့ ကျွန်တော်တို့အသင်းက ထိုက်တန်သလားဆိုတာ ကျွန်တော်တို့ စောင့်ကြည့်သွားရပါမယ်။ ကလပ်အသင်းနဲ့ ပရိသတ်တွေအတွက် အရေးကြီးဆုံးအရာက ခြေစွမ်းကို ဆက်လက်မြှင့်တင်သွားပြီး ပိုမိုကြီးမားတဲ့ အရာတစ်ခုအတွက် ယှဉ်ပြိုင်သွားဖို့ပါ။ ဒီလိုမျိုးပိုလုပ်နိုင်ရင် ကျွန်တော်တို့အသင်းရဲ့ အမှတ်တံဆိပ်ကို လူတွေပိုသိလာမှာဖြစ်ပြီး စပွန်ဆာတွေ အများကြီးဝင်ရောက်လာမှာပါ။ ဒါကြောင့် ကစားသမားတွေရဲ့ အရည်အချင်းလည်း တိုးတက်လာမှာပါ”လို့ ပြောဆိုပါတယ်။

#စီးရီးအေ #အေစီမီလန် #မာလ်ဒီနီ