ရှေ့သို့
Image

မာလ်ဒီနီ တစ်ယောက် နည်းစနစ်ဒါရိုက်တာအဖြစ် ဆက်ရှိနေမယ်လို့ အေစီမီလန် အတည်ပြု

9:55 AM, 2 July

အေစီမီလန်အသင်းနဲ့ နည်းစနစ်ဒါရိုက်တာအဖြစ်ဆက်ရှိနေဖို့ သဘောတူညီမှုရရှိခဲ့ပြီးနောက် မာလ်ဒီနီက အနာဂတ်အတွက် ကြိုတင်ပြင်ဆင်နေပြီဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ မာလ်ဒီနီဟာ ပြီးခဲ့တဲ့ရာသီ အေစီမီလန်အသင်း ၁၁ နှစ်ကြာဝေးကွာနေတဲ့ စီးရီးအေချန်ပီယံဆုရယူနိုင်ရာမှာ အဓိကနေရာကနေ ပါဝင်ခဲ့တဲ့သူတွေထဲတစ်ဦးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၄ နှစ်တုန်းက ဘုတ်အဖွဲ့ထဲမှာ ပါဝင်ခဲ့ပြီး လက်ရှိမှာလည်း အဆိုပါတာဝန်ကို ဆက်လက်ထမ်းဆောင်မှာဖြစ်ပြီး သီယိုဟာနန်ဒက်ဇ် ၊ လီအိုနဲ့ မိုင်နန်တို့လို ကစားသမားမျိုးတွေခေါ်ယူနိုင်အောင် ကူညီပေးခဲ့ပါတယ်။ အသက် ၅၄ နှစ်သားရဲ့စာချုပ်သက်တမ်းက အခုကြာသပတေးနေ့မှာကုန်ဆုံးမှာဖြစ်ပြီး လက်ရှိအချိန်မှာတော့ အသင်းမှာ ဆက်ရှိနေမယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။

“အားလုံးက စီစဉ်ထားတဲ့အတိုင်းဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့နောက်ဆုံးမိနစ်မှာ လက်မှတ်ထိုးနိုင်ခဲ့ပါတယ်။ အသင်းမှာဆက်ရှိနေရလို့ ကျွန်တော်အရမ်းပျော်ပါတယ်။ အနာဂတ်အတွက်လည်း စီစဉ်ပြီးပါပြီ။ ကျွန်တော်တို့ ပိုပြီးအောင်ပွဲယူဦးမှာဖြစ်သလို အပြောင်းအရွှေ့အတွက်လည်း အချိန်ရှိပါသေးတယ်။ နည်းနည်းလေးနောက်ကျနေတယ်ဆိုပေမယ့် ကျွန်တော်တို့ အချိန်မီပါသေးတယ်”လို့ မာလ်ဒီနီက ပြောကြားခဲ့ပါတယ်။

ဒါရိုက်တာ မာဆာရာကလည်း မာလ်ဒီနီကို စာချုပ်သက်တမ်းတိုးနိုင်လိုက်တယ်ဆိုတဲ့အကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အီတလီသတင်းတွေအရ အဆိုပါနောက်ကျမှုဟာ အပြောင်းအရွှေ့အတွက် ညှိနှိုင်းမရတာကြောင့်ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

အေစီမီလန်ဟာ ဘို့တ်မန်းနဲ့ ဆန်းချက်စ်တို့ကို နယူးကာဆယ် ၊ ပီအက်စ်ဂျီအသင်းတွေထံ လက်လွှတ်ထားခဲ့ရပါတယ်။ ပီအိုလီရဲ့အေစီမီလန်အသင်းဟာ လာမယ့်သြဂုတ်လ ၁၃ ရက်နေ့မှာ အူလ်ဒီးနီးအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။

#စီးရီးအေ #အေစီမီလန် #မာလ်ဒီနီ