ရှေ့သို့
Image

အီဗရာဟီမိုဗစ်မုန်းတဲ့လူထဲမှာ ကာဗာနီပါကြောင်း အသင်းဖော်ဟောင်းဖွင့်ဟ

12:33 PM, 1 May

ဇလာတန်အီဗရာဟီမိုဗစ်ရဲ့ ကစားသမားဘဝတစ်လျှောက် အမုန်းဆုံးကစားသမား ၄ ယောက်ထဲမှာ ပီအက်စ်ဂျီအသင်းဖော်ဟောင်း အက်ဒီဆင်ကာဗာနီလည်း ပါဝင်ကြောင်း ဆွီဒင်ကန္တဝင်ကစားသမားကြီးရဲ့ အသင်းဖော်ဟောင်းတစ်ဦးက ဖွင့်ဟခဲ့ပါတယ်။ 


ဥရုဂွေးတိုက်စစ်မှူး ကာဗာနီဟာ ဆွီဒင်ဂန္တဝင်အီဗရာဟီမိုဗစ်ရဲ့ လမ်းကြောင်းအတိုင်း ပီအက်စ်ဂျီကနေ မန်ချက်စတာယူနိုက်တက်ကနေ ပြောင်းရွှေ့ခဲ့ပေမယ့် ပီအက်စ်ဂျီမှာ အတူကစားခဲ့စဉ်တုန်းကတော့ နှစ်ယောက်ကြားမှာ ရင်းနှီးမှုနည်းပါးခဲ့ကြောင်း မိုက်ကယ်စီယာနီက ပြောခဲ့ပါတယ်။ ခံစစ်ကစားသမား စီယာနီဟာ ၂၀၁၈ တုန်းက ဇလာတန် LA Galaxy အသင်းမှာ ကစားစဉ်က အသင်းဖော်တွေဖြစ်ခဲ့ကြပြီး အနားယူသွားပြီဖြစ်တဲ့ ပြင်သစ်လက်ရွေးစင်ဟောင်းက လက်ရှိအေစီမီလန်တိုက်စစ်မှူးကြီးဟာ ကာဗာနီရဲ့ သူငယ်ချင်းတွေကိုတောင် မတူမတန်သလို ဆက်ဆံခဲ့တယ်လို့ ပြောခဲ့ပါတယ်။ 


စီယာနီက “ ကာဗာနီနဲ့ရင်းနှီးတဲ့သူတွေဆိုရင် အီဗရာကလုံးမကြိုက်ပါဘူး။ အဲ့ဒီသူကသူနဲ့ ဘယ်လောက်ရင်းနှီးနေနေ ဒါကသူ့ကိုဆန့်ကျင်တာလို့ ယူဆတတ်ပါတယ်။ သူကျွန်တော့်ကိုပြောပြခဲ့တာကတော့ နည်းပြလောရင့်ဘလန့် အပါအဝင် ပီအက်စ်ဂျီက ရှိသမျှလူအားလုံးနဲ့ အဆင်ပြေပေမယ့် သူနဲ့ကီးမကိုက်တဲ့ဆိုလို့ ကာဗာနီတစ်ယောက်ပဲ ရှိပါတယ်တဲ့။ သူ့ရဲ့ကစားသမားဘဝတစ်လျှောက် သူမုန်းတဲ့သူဆိုလို့ ၃ ယောက် ၄ ယောက်လောက်ပဲ ရှိပြီး အဲ့ထဲကတစ်ယောက်ကတော့ ကာဗာနီလို့ သူကျွန်တော့်ကို ပြောခဲ့ဖူးတယ် ” ဆိုပြီး RMC Sport ကို ပြောခဲ့တာ ဖြစ်ပါတယ်။

 

အီဗရာဟီမိုဗစ်နဲ့ ကာဗာနီဟာ ကွင်းထဲမှာဆိုရင် ကြောက်စရာအကောင်းဆုံး တိုက်စစ်အတွဲဖြစ်ခဲ့ပြီး ပြင်သစ်ထိပ်သီးအသင်းမှာ ကစားစဉ်က ၃ ရာသီစလုံးကို လီဂူးဝမ်းဖလားတွေ ရယူခဲ့သလို ပြည်တွင်းလိဂ်ဖလား အများအပြားလည်း ရရှိခဲ့ကြပါတယ်။ နှစ်ယောက်စလုံးလည်း အသင်းအတွက် ဂိုး ၁၀၀ ကျော်စီ သွင်းယူခဲ့ကြပြီး ၂၀၁၆ မှာ ပီအက်စ်ဂျီကနေ ထွက်ခွာပြီးနောက် အီဗရာဟီမိုဗစ်က ယူနိုက်တက်မှာ ၂ ရာသီ ကစားသွားခဲ့ပါတယ်။ ကာဗာနီကလည်း မိုဗစ်ရဲ့ လမ်းကြောင်းအတိုင်း လိုက်ခဲ့ပြီး ၂၀၂၀ မှာ ယူနိုက်တက်ကို ရောက်ရှိခဲ့ပြီး ၅၆ ပွဲကစား ၁၉ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ 


လက်ရှိအသက် ၄၀ ရှိပြီဖြစ်တဲ့ အီဗရာဟီမိုဗစ်ဟာ လက်ရှိစီးရီးအေ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ အေစီမီလန်အတွက် ဂိုးတွေသွင်းယူနေဆဲဖြစ်ပါတယ်။ မယ်လ်မို၊ အေဂျက်စ်၊ ဂျူဗင်တပ်စ်၊ အင်တာမီလန်နဲ့ ဘာစီလိုနာတို့အတွက် ကစားခဲ့ပြီး LA Galaxy အသင်းမှာ တစ်ပွဲတစ်ဂိုးနှုန်းသွင်းပြီး မေဂျာလိဂ်ရဲ့ သွင်းဂိုးစံချိန်တင်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ ၂၀၁၈ တုန်းက အသင်းဖော်တွေဖြစ်ခဲ့ကြတဲ့ အင်္ဂလန်လက်ရွေးစင်ဟောင်း အက်ရှလေကိုးလ်ကလည်း အီဗရာဟီမိုဗစ်ဟာ လူတစ်ကိုယ်စိတ်နှစ်မျိုးနဲ့ နေတဲ့သူဖြစ်ကြောင်း ပြောခဲ့ဖူးပါတယ်။ 


ကိုးလ်က “ သူက စိတ်နှစ်ခွနဲ့ပါ။ အဝတ်လဲခန်းထဲမှာဆိုရင် အရမ်းသဘောကောင်းတယ်၊ စကားသိပ်မပြောဘူး၊ သူ့ကိုယ်သူလည်း နှိမ့်ချတတ်တယ်။ ဒါပေမယ့် မီဒီယာတွေနဲ့ တွေ့ရင်တော့ သူကနတ်ဘုရားတစ်ပါးလိုပဲ။ အဝတ်လဲခန်းထဲမှာ အေးဆေးသလောက် မီဒီယာရှေ့ရောက်ရင် တခြားလူတစ်ယောက်လိုဖြစ်သွားတတ်တယ် ” လို့ ပြောပြခဲ့ပါတယ်။ ဝါရင့်တိုက်စစ်မှူးကြီးဟာ ဒီရာသီမီလန်အတွက် လိဂ်ပွဲ ၂၀ ကစားထားပြီး ၈ ဂိုးသွင်းယူထားပါတယ်။ အေစီမီလန်ကလည်း ရာသီကုန်ဖို့ ၄ ပွဲသာ ကျန်တော့ချိန်မှာ အနီးဆုံးပြိုင်ဘက်ဖြစ်တဲ့ အင်တာမီလန်ကို ၂ မှတ်ဖြတ်ထားနိုင်ပါတယ်။ 

#ကာဗာနီ #ပီအက်စ်ဂျီ