ရှေ့သို့
Image

ခြေဖဝါးဒဏ်ရာကြောင့် ဘရာဇီးလက်ရွေးစင်အသင်း လူစာရင်းမှ နုတ်ထွက်လိုက်တဲ့ အီဒါဆန်

10:29 AM, 14 November

ခြေဖဝါးဒဏ်ရာရရှိနေတဲ့ အီဒါဆန်ဟာ ဘရာဇီးလက်ရွေးစင်အသင်း လူစာရင်းမှ နုတ်ထွက်လိုက်တာကြောင့် မန်စီးတီးအနေဖြင့် အခုနိုင်ငံတကာသီတင်းပတ်အပြီး လီဗာပူးနဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်အတွက် သူတို့ရဲ့အားထားရတဲ့ကစားသမားကို လက်လွှတ်ရမယ့်အရေးနဲ့ ရင်ဆိုင်လာရပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ ချဲလ်ဆီးနဲ့ စိတ်လှုပ်ရှားဖွယ် တစ်ဖက်လေးဂိုးစီသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ခြေဖဝါးဒဏ်ရာ ရရှိခဲ့တဲ့ အီဒါဆန်ကို စမ်းသပ်စစ်ဆေးမှုပြုလုပ်ပြီးနောက် မန်စီးတီးဂိုးသမားဟာ ဘရာဇီးအသင်းအတွက် ပါဝင်ကစားပေးဖို့ မဖြစ်နိုင်တော့ပါဘူး။ အီဒါဆန်က မန်စီးတီးရဲ့ယုံကြည်စိတ်ချရတဲ့ ဂိုးသမားဖြစ်ပေမယ့် လက်ရှိအခြေအနေတွေကြောင့် နိုင်ငံတကာသီတင်းပတ်အပြီး လီဗာပူးနဲ့ရင်ဆိုင်ရမယ့် လိဂ်ပွဲစဉ်ကို လွဲချော်ဖို့ အလားအလာတွေ များပြားလာပါတယ်။

စတမ်းဖို့ဘရစ်ချ်မှာကစားတဲ့ ပွဲစဉ်ရဲ့ နောက်ဆုံးမိနစ်မှာ အီဒါဆန်က အခုဒဏ်ရာကို ရရှိခဲ့တာဖြစ်ပြီး ဒဏ်ရာ အခြေအနေကို အသေးစိတ်မထုတ်ပြန်လာသေးပေမယ့် ကိုလံဘီယာ၊ အာဂျင်တီးနားတို့နဲ့ရင်ဆိုင်ရမယ့် ဘရာဇီးရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေကို လွဲချော်နိုင်ဖို့အထိ ပြင်းထန်မှုရှိတယ်လို့ ယူဆရပါတယ်။

အီဒါဆန်ရဲ့နေရာမှာ အက်သလက်တီကိုပါရာနန်စီဂိုးသမား ဘန်တိုကို ဘရာဇီးအသင်းနည်းပြဒီနစ်ဇ်က ခေါ်ယူခဲ့ပြီးနောက် ဘရာဇီးအသင်းဆရာဝန်လက်စ်မာက အီဒါဆန်ရဲ့နောက်ဆုံးအခြေအနေကို ပြောပြလာခဲ့ပါတယ်။

လက်စ်မာက “ပွဲအပြီးမှာပဲ ကစားသမားက မန်စီးတီးအသင်း ဆေးဘက်ဆိုင်ရာဌာနဆီ ဆက်သွယ်ခဲ့ရပါတယ်။ ပွဲစဉ်ရဲ့နောက်ဆုံးမိနစ်တွေမှာ အီဒါဆန် ခြေဖဝါးဒဏ်ရာ ရရှိခဲ့ပြီး ပွဲကို ဆက်ကစားခဲ့ပေမယ့် နာကျင်မှုကတော့ ပြင်းထန်လာခဲ့ပါတယ်။ ခြေဖဝါးတွေရောင်ရမ်းနေပြီး လမ်းလျှောက်ဖို့တောင် အတော်ခက်ခဲလာပါတယ်။ ပထမတော့ ကျွန်တော်တို့က သူ့ရဲ့ဒဏ်ရာကို စစ်ဆေးဖို့အတွက် လူစာရင်းကြေညာမှုကိုတောင် ရွှေ့ဆိုင်းထားခဲ့ပါတယ်။ စစ်ဆေးပြီးနောက် အချိန်တိုအတွင်းမှာပဲ လူစားလဲလှယ်ရဖို့ ကိစ္စဖြစ်လာပါတယ်။ ကျွန်တော်ကတော့ အစကတည်းက အီဒါဆန်ကို လူစာရင်းထဲမှာ မထည့်ထားသင့်ဘူးလို့ တွေးမိခဲ့ပါတယ်။ နည်းပြအဖွဲ့ဝင်တွေကတော့ အစားထိုးဂိုးသမားတစ်ဦးကို ရွေးချယ်လိုက်ပါပြီ”လို့ ပြောပါတယ်။

အီဒါဆန်က ပြီးခဲ့တဲ့နှစ်၊ ကမ္ဘာ့ဖလားပြိုင်ပွဲကတည်းက လီဗာပူးဂိုးသမား အလီဆင်ကိုကျော်ဖြတ်ကာ ဘရာဇီးလက်ရွေးစင်အသင်းရဲ့ပွဲထွက်ဂိုးသမားနေရာကို ရယူထားနိုင်ခဲ့ပြီး ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ် လေးပွဲမှာလည်း အသင်းအတွက် ပါဝင်ကစားပေးခဲ့ပါတယ်။ အီဒါဆန်သာ လီဗာပူးနဲ့ပွဲစဉ်မှာ မပါဝင်နိုင်ဘူးဆိုရင် မန်စီးတီးက အရန်ဂိုးသမားအော်တေဂါကို ပွဲထွက်လူစာရင်းမှာ အသုံးပြုလာနိုင်ပါတယ်။ 

ဒါပေမယ့် အသက်-၃၁ နှစ်အရွယ်ဂိုးသမားက အခုဘောလုံးရာသီမှာ လိဂ်ပွဲစဉ်တစ်ပွဲအပါအဝင် သုံးပွဲသာ ပါဝင်ကစားထားရပါတယ်။ ပရီးမီးယားလိဂ်လက်ရှိချန်ပီယံတွေက နိုဝင်ဘာ ၂၅ ရက်၊ အယ်လ်တီဟတ်ကွင်းမှာ လီဗာပူးကို ဧည့်ခံကစားရမှာဖြစ်လို့ အီဒါဆန်ရဲ့ဒဏ်ရာက အချိန် ၁၀ ရက်ခန့်အတွင်း အမြန်ဆုံးသက်သာလာရန် လိုအပ်နေပါတယ်။

#လီဗာပူး #ဘရာဇီး #အီဒါဆန် #ပရီးမီးယားလိဂ်