ရှေ့သို့
Image

စောင့်ကြည့်ချင်စရာကစားသမားတစ်ဦးအဖြစ် တော့တင်ဟမ်ကစားသမားတစ်ဦးကို ချီးကျူးခဲ့တဲ့ ဂရေမီဆောင်းနက်စ်

10:50 AM, 10 April

ယမန်နေ့ညပိုင်းတွင် ဗီလာကွင်း၌ ကစားခဲ့သော ဗီလာ ဝ-၄ တော့တင်ဟမ်ပွဲစဉ်တွင် စပါးတိုက်စစ်မှူး ဟယ်ရီကိန်း၏ ခြေစွမ်းမှာ စောင့်ကြည့်ချင်စရာအကောင်းဆုံးခြေစွမ်းအဖြစ် ဂရေမီဆောင်းနက်စ်က ချီးကျူးဂုဏ်ပြုခဲ့သည်။

အဆိုပါပွဲစဉ်တွင် ဟယ်ရီကိန်းမှာ သွင်းဂိုးမရရှိခဲ့သော်လည်း စပါးအသင်းသွင်းယူခဲ့သောဂိုးများအနက် နှစ်ဂိုးမှာ အင်္ဂလန်လက်ရွေးစင်ကစားသမား၏ ဖန်တီးပေးမှုဖြင့် ရရှိခဲ့သည်။

" သူရဲ့ အဆင့်အတန်းအရဆိုရင် ဆိုးရွားတဲ့စတင်မှုတွေ ကြုံတွေ့ခဲ့ရပေမယ့် အခုတော့ ဟယ်ရီကိန်း ပြန်လာပြီလို့ ကျွန်တော်မြင်ပါတယ်။ သူရဲ့ ကစားပုံတွေကို ခင်ဗျားတို့ စောင့်ကြည့်ချင်စရာကောင်းလောက်တဲ့အထိ ပြသနိုင်ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ ဟယ်ရီကိန်းကစားတဲ့ပွဲတွေစောင့်ကြည့်ဖူးတဲ့ အနက် ဒီပွဲကခြေစွမ်းဟာ အကောင်းဆုံးခြေစွမ်းပါပဲ။ အိုကေ၊ သူ့အနေနဲ့တော့ ဂိုးမသွင်းနိုင်ခဲ့လို့ အပြည့်အဝတော့ ပျော်ရွှင်နိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် ဒီပွဲမှာ သူက လက်ဖျားခါလောက်စရာ ထိပ်တန်းအဆင့်ကို ပြသနိုင်ခဲ့တယ်။ သူက ဒီအချိန်မှာတော့ ထိပ်တန်းကစားသမားတစ်ဦးပဲ။ ကျွန်တော်ပြောခဲ့သလို သူဒီပွဲမှာ ဂိုးမသွင်းနိုင်လို့ ပျော်ရွှင်မှာမဟုတ်ပေမယ့် သူက တကယ့်အံဖွယ်သရဲတိုက်စစ်မှူးမျိုး ဖြစ်ပါတယ်" ဟု ယခင်လီဗာပူးကပ္ပတိန်ဟောင်း ဆောင်းနက်စ်က ပွဲအပြီး Sky Sports ဆွေးနွေးခန်းတွင် ချီးကျူးခဲ့သည်။

ဆောင်းနက်နှင့်အတူ ဆွေးနွေးခဲ့သည့် ဒါရင်းဘန့်ကလည်း ဟယ်ရီကိန်းအနေဖြင့် စွမ်းဆောင်ရည်နိမ့်ကျခဲ့သည့် ရာသီအစောပိုင်းကာလအတွင်း ကြည်လင်ပြတ်သားသော စိတ်ခံစားမှုပျောက်ဆုံးနေခဲ့ဟန် ရှိကြောင်း သုံးသပ်ခဲ့သည်။

" အခု ကိန်းရဲ့ကစားပုံက ကြည်လင်ပြတ်သားတဲ့ စိတ်ခံစားမှုတစ်ခုရှိနေပုံပါပဲ။ ရာသီအစပိုင်းမှာ ဘာတွေ ဖြစ်ခဲ့လဲဆိုတာ ကျွန်တော်တို့အားလုံး သိကြပါတယ်။ ကွန်တီရောက်လာချိန်မှာတော့ ပြီးခဲ့တဲ့ရာသီကထက်တောင် ပိုကောင်းအောင် စွမ်းဆောင်ပြနေပါတယ်။ သွင်းဂိုးရရှိအောင် မစွမ်းဆောင်နိုင်ပေမယ့် တစ်ပွဲလုံးမှာတော့ ကိန်းက အကောင်းဆုံးလုပ်ပြနိုင်ခဲ့တယ်။ သူရဲ့ ချိတ်ဆက်ကစားပုံတွေ၊ ဂိုးပေါက်ခြိမ်းခြောက်မှုတွေ၊ ဆွန်ဟောင်မင်နဲ့ တွဲလုံးတွေက တကယ့်အံ့မခန်းစရာတွေပါပဲ။ အခုချိန်မှာတော့ ဟယ်ရီကိန်းက ရလာတဲ့အခွင့်အရေးကို လက်မလွှတ်ဘဲ အသုံးချလိုက်နိုင်တဲ့ပုံပါပဲ" ဟု ဒါရင်းဘန့်က ဆက်လက်ပြောကြားသည်။

ယမန်နေ့က ရာသီကုန်အဆင့်လေးနေရာအတွက် ပြိုင်ဘက်များဖြစ်သည့် အာဆင်နယ်နှင့် ယူနိုက်တက်တို့ ရှုံးပွဲကြုံခဲ့ရပြီးနောက် ယခုဗီလာပတ်စ်နိုင်ပွဲအပြီး တော့တင်ဟမ်အသင်းသည် လာမည့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက် အားကောင်းလာခဲ့သည်။


#ဗီလာ #တော့တင်ဟမ် #ဟယ်ရီကိန်း #ဆောင်းနက်စ်