ရှေ့သို့
Image

ရူဘင်နီဗက်စ်နဲ့ တိုင်လီမန်စ်တို့ဟာ ယူနိုက်တက် ကွင်းလယ်ရဲ့ အဖြေမဟုတ်ဘူးလို့ ဖာဒီနန် ယုံကြည်နေ

12:26 PM, 22 February

ယူနိုက်တက်ဂန္ထဝင်နောက်ခံလူ ရီယိုဖာဒီနန်က အသင်းဟောင်းကွင်းလယ်ပိုင်းအတွက် နီဗက်စ်နဲ့ တိုင်လီမန်စ်တို့ဟာ အဖြေမဟုတ်ဘူးလို့ ယုံကြည်နေပါတယ်။ ယူနိုက်တက်ဟာ နွေရာသီမှာ ပေါ့ဂ်ဘာကို လက်လွှတ်ရဖွယ်ရှိနေတာကြောင့် အသင်းကွင်းလယ်ပိုင်းကို အားဖြည့်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

နီဗက်စ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့တုန်းက ယူနိုက်တက်အသင်းချိတ်ဆက်ခဲ့သေးပေမယ့် ဝုဗ်က ပေါင်သန်း ၄၀ လောက်တောင်းဆိုခဲ့တာကြောင့် အဆင်မပြေခဲ့တာဖြစ်ပါတယ်။ ဝုဗ် နဲ့ နီဗက်စ်တို့ကြား စာချုပ်သက်တမ်းက ၂ နှစ် ကျန်ရှိနေသေးတာဖြစ်ကာ ယူနိုက်တက်အနေနဲ့ ခေါ်ယူနိုင်ဖို့ ခက်ခဲဖွယ်ရှိနေပါတယ်။

တိုင်လီမန်စ်ကလည်း ယူနိုက်တက်အသင်းပစ်မှတ်တွေထဲက တစ်ဦးဖြစ်ပြီး ဘယ်လ်ဂျီယံသားဟာ နွေရာသီမှာ အသင်းပြောင်းဖို့ များနေပါတယ်။ ဘယ်လ်ဂျီယံသားရဲ့စာချုပ်သက်တမ်းက ၁ နှစ်သာ ကျန်တော့တာဖြစ်ပြီး လက်စတာက ပေါင် ၃၅ သန်းလောက်တန်ကြေးသတ်မှတ်ထားပါတယ်။ အာဆင်နယ်ကလည်း တိုင်လီမန်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဖာဒီနန်က ယူနိုက်တက်အနေနဲ့ ကွင်းလယ်ပိုင်းအတွက် အခြားပစ်မှတ်တွေကို စဉ်းစားသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

“သူ(နီဗက်စ်)ကို ကျွန်တော်ကြိုက်ပါတယ်။ သူက တကယ်အံ့သြဖို့ကောင်းပါတယ်။ သူက ဘောလုံးထိန်းလည်း ကျွမ်းကျင်ပြီး တကယ်ကောင်းတဲ့ဘောလုံးသမားပါ။  တိုင်လီမန်းစ်လည်း ထို့နည်းတူပါပဲ။ ဒါပေမယ့် အရိုးသားဆုံးပြောရရင် သူတို့ ၂ ဦးက ယူနိုက်တက်နဲ့ မသင့်လျော်ပါဘူး။ ကစားသမားကောင်းတွေဆိုတာ မှန်ပေမယ့် ကျွန်တော်ကတော့ သူတို့ကို ငြင်းချင်ပါတယ်။ ယူနိုက်တက်အနေနဲ့လည်း သူတို့ကို မခေါ်သင့်ဘူးလို့ မြင်ပါတယ်”လို့ ဖာဒီနန်က ပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဖာဒီနန် #တိုင်လီမန်စ် #နီဗက်စ်