ရှေ့သို့
Image

ဂျီရော့ဒ်ရဲ့ နောက်ကျသွင်းဂိုး၂ဂိုးနဲ့အတူ အကောင်းဆုံး Comebackနဲ့ မီလန်ဒါဘီမှာ အနိုင်ရခဲ့တဲ့ အေစီမီလန်

9:54 AM, 6 February

အေစီမီလန်အသင်းဟာ ယမန်နေ့ညက စီးရီးအေဖလားလုပွဲအတွက် အရေးပါတဲ့ မီလန်ဒါဘီပွဲစဉ်မှာ တိုက်စစ်မှူး ဂျီရော့ဒ်ရဲ့ နောက်ကျသွင်းဂိုး၂ဂိုးကြောင့် အင်တာမီလန်ကို ပြန်လည် အနိုင်ယူနိုင်ခဲ့ပါတယ်။

အဆိုပါ နိုင်ပွဲကြောင့် အေစီမီလန်တို့ ၁ပွဲလျော့ကစားထားတဲ့ ဇယားထိပ်က အင်တာနဲ့ ၁မှတ်အကွာကို ရောက်လာခဲ့ပါတယ်။

နာပိုလီလည်း ယနေ့ည ဗင်နီဇီယာကို နိုင်ခဲ့ရင် အေစီမီလန်နဲ့ အမှတ်တူအနေအထားဖြင့် အင်တာကို ဖိအားပေးနိုင်တော့မှာ ဖြစ်ပါတယ်။

အင်တာအတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၃၉မိနစ်မှာ ပါရီဆစ်က ထောင့်ကန်ဘောကနေ မြေမကျကန်ချက်နဲ့ သွင်းယူပေးခဲ့ပါတယ်။

ဂျီရော့ဒ် အေစီမီလန်အတွက် ၇၅မိနစ်မှာ ချေပဂိုးမသွင်းခင်အချိန်ထိ အင်တာတို့ ပွဲကို ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။

၇၅မိနစ်မှာတော့ အေစီမီလန်တို့ တန်ပြန်တိုက်စစ်ကနေ ကစားသမားတွေ အများကြီး လွတ်ထွက်လာခဲ့ပြီး ချပေးတာကို ဂျီရော့ဒ်က အပိုင်ပိတ်သွင်းကာ မီလန်အတွက် ချေပဂိုး ပြန်သွင်းပေးခဲ့ပါတယ်။

၄မိနစ်အကြာမှာပဲ ဂျီရော့ဒ်ကပဲ အင်တာခံစစ်မှူး လူကပ်ထားတဲ့ ကြားထဲကနေ အကောင်းဆုံး လှည့်စား လှည့်ထွက်ကာ တစ်ကိုယ်တော်အစွမ်းနဲ့ အဖိုးတန် အနိုင်ဂိုး သွင်းယူပေးခဲ့ပါတယ်။

ဂျီရော့ဒ်အနေနဲ့ ဒဏ်ရာရနေတဲ့ နတ်ဘုရားကြီး အီဘရာဟီမိုဗစ်ရဲ့ နေရာကို ကောင်းကောင်း အစားထိုးနိုင်တယ်ဆိုတာ ကိုယ်ပိုင်အရည်အသွေးတွေနဲ့ ပြသခဲ့ပါတယ်။

ပွဲပြီးခါနီးမှာတော့ သီယို ဟာနန်ဒက်ဇ် အနီကတ်ပြ ထုတ်ပယ်ခံရလို့ အေစီမီလန်တို့ ၁၀ယောက်တည်းနဲ့ ကစားခဲ့ရပေမဲ့ အနိုင်ကို ထိန်းကာ မီလန်ဒါဘီမှာ နိုင်ပွဲရယူသွားခဲ့ပါတယ်။

တစ်ဖက်မှာတော့ လာဇီယိုက ဖီအိုရင်တီးနားကို အဝေးကွင်းမှာ ၃ဂိုးပြတ် အနိုင်ယူကာ မြို့ခံပြိုင်ဘက် ရိုးမားရဲ့ အထက်ကို ဂိုးကွာခြားချက်အသာနဲ့ ရောက်လာခဲ့ပါတယ်။

ရိုးမားကတော့ ယခုအပတ် စီးရီးအေအဖွင့်ပွဲမှာ ဂျီနိုအာကို တစ်ပွဲလုံး ဖိကစားခဲ့ပေမဲ့ စိတ်ပျက်ဖွယ် ဂိုးမရှိသရေသာ ကစားနိုင်ခဲ့ပါတယ်။

တိုက်စစ်ကစားသမား ဇာနီအိုလိုလည်း သူ့ရဲ့ သွင်းဂိုးကို VARက ပယ်ဖျက်ခဲ့ခြင်းအပေါ် ပေါက်ကွဲပြီး ကွင်းလယ်ဒိုင်ကို စောဒကတက်မှုတွေ ပြင်းထန်ခဲ့တာကြောင့် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။

ဂျီနိုအာ နောက်ခံလူ အိုစတီဂတ် ၆၈မိနစ်ကတည်းက အထုတ်ခံခဲ့ရပေမဲ့ ၁၀ယောက်ထဲနဲ့ ရိုးမားခံစစ်ကို အန်တုကာ အဖိုးတန် သရေ၁မှတ်ရအောင် စွမ်းဆောင်သွားနိုင်ခဲ့ပါတယ်။


#စီးရီးအေ #လာဇီယို #အေစီမီလန် #အင်တာမီလန် #ရိုးမား #ဂျီရော့ဒ် #အီဘရာဟီမိုဗစ်