ရှေ့သို့
Image

ပရီးမီးယားလိဂ် All-Star အသင်းကို ဥရောပထိပ်သီးလိဂ်တွေရဲ့ All-Star အသင်းတွေနဲ့ ယှဉ်ပြိုင်စေဖွယ်ရှိ

10:55 AM, 30 September

လာမယ့်ကာလတွေမှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဘောလုံးသမားတွေ စုစည်းထားတဲ့ Premier League All-Star အသင်းကို လာလီဂါ၊ စီးရီးအေ၊ ဘွန်ဒက်စ်လီဂါအပါအဝင် အခြားဥရောပထိပ်သီးလိဂ်တွေရဲ့ All-Star အသင်းတွေနဲ့ ယှဉ်ပြိုင်ကစားစေမယ့် အစီအစဉ်တစ်ခုအကြောင်း သတင်းတွေမှာ ဖော်ပြလာပါတယ်။

All-Star အသင်းတွေယှဉ်ပြိုင်စေဖို့ စိတ်ကူးက ချဲလ်ဆီးပိုင်ရှင်သစ်တော့ဒ်ဘိုလေထံမှ စတင်လာတာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ တောင်ပိုင်းဒေသAll-Starအသင်းနဲ့ မြောက်ပိုင်းဒေသAll-Starအသင်းတို့ ယှဉ်ပြိုင်ကစားစေမည့် ပွဲစဉ်တစ်ခုကို ဖန်တီးသင့်တဲ့အကြောင်း ဘိုလေက အကြံပြုခဲ့တာပါ။

ဘိုလေက “ပရီးမီးယားလိဂ်အနေနဲ့ အမေရိကန်အားကစားနည်းတွေဆီကနေ သင်ခန်းစာနည်းနည်းတော့ ယူရလိမ့်မယ်လို့ နောက်ဆုံးမှာ ကျွန်တော်တွေးခဲ့မိပါတယ်။ ဒီနှစ်အတွက် အမေရိကန်မေဂျာလိဂ်ဘေ့စ်ဘော All-Star ပွဲစဉ်မှာဆိုရင် နှစ်ရက်အတွင်းမှာကို ဒေါ်လာ သန်း ၂၀၀ (ပေါင် ၁၈၁ သန်း) ရှာဖွေနိုင်ခဲ့တယ်”လို့ ပြောဆိုခဲ့တာပါ။

ဘိုလေရဲ့အကြံအစည်အပေါ် အင်္ဂလန်ဘောလုံးအသိုင်းအဝိုင်းက အပြင်းအထန်ဝေဖန်ခဲ့ကြပြီး အစဉ်အလာတွေနဲ့ ကိုက်ညီမှုမရှိတဲ့အကြောင်း ပြောဆိုခဲ့ကြပါတယ်။ ဒါပေမယ့် The Times သတင်းဌာနရဲ့ သတင်းတစ်ပုဒ်မှာတော့ ကမ္ဘာတစ်ဝန်းမှာ ပရိသတ်တွေ ပိုမိုတိုးပွားလာဖို့နဲ့ ဝင်ငွေအရင်းအမြစ်တွေပိုမိုလိုချင်နေတဲ့ ပရီးမီးယားလိဂ် ထိပ်တန်းတာဝန်ရှိသူတွေက ဘိုလေရဲ့ အကြံအစည်အပေါ် အစည်းအဝေးတစ်ခုမှာ ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့် ဒီအစည်းအဝေးမှာ အခြားထိပ်တန်းပြိုင်ဘက်လိဂ်တွေရဲ့ All-Star အသင်းတွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့ ပရီးမီးယားလိဂ် All-Star အသင်းတစ်ခုတည်ဆောက်မယ့်အလားအလာအပေါ်မှာပဲ ဆွေးနွေးခဲ့ကြတာပါ။ ဒီသတင်းမှာပဲ ပရီးမီးယားလိဂ် All-Star အသင်းကို လာလီဂါ၊ စီးရီးအေ၊ ဘွန်ဒက်စ်လီဂါတို့ရဲ့ All-Star အသင်းတွေနဲ့ ရင်ဆိုင်စေမယ့် ပွဲစဉ်တွေစီစဉ်ပြီး ဈေးကွက်တိုးချဲ့နိုင်ရေးအတွက် ဆောင်းရာသီအားလပ်ရက် (သို့) ဘောလုံးရာသီကုန် နွေအားလပ်ရက်ကာလတွေအတွင်း အခြားနိုင်ငံတစ်ခုမှာ ယှဉ်ပြိုင်ကစားစေဖို့ စီစဉ်ဖွယ်ရှိနေတဲ့အကြောင်း ဆက်လက်ဖော်ပြခဲ့ပါတယ်။

ပရိသတ်တွေ ပိုမိုတိုးပွားလာဖို့နဲ့ နိုင်ငံရပ်ခြားရုပ်သံလွှင့်ဝင်ငွေများ ပိုမိုတိုးပွားလာစေဖို့ လုပ်ဆောင်ရမယ့် နည်းလမ်းတွေအနက် တစ်ခုအဖြစ် ဒီအကြံအစည်ကို သတ်မှတ်ခဲ့ဖွယ်ရှိတယ်လို့လည်း ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်တစ်ခုက ပြောပါတယ်။ ဒါပေမယ့် လက်ရှိပွဲစဉ်ဇယားကျပ်တည်းမှုနဲ့ ကစားသမားတွေရဲ့ ပင်ပန်းနွမ်းနယ်မှုတွေကြောင့် ဒီလိုစိတ်ကူးမျိုးတွေကို သံသယဖြစ်ဖွယ်မရှိ ဝေဖန်မှုတွေ အများအပြားပေါ်ပေါက်လာဖို့ ရှိနေပါတယ်။

#ချဲလ်ဆီး #တော့ဒ်ဘိုလေ #ပရီးမီးယားလိဂ်