ရှေ့သို့
Image

ပရီးမီးယားလိဂ် ကလပ်တွေအတွက် ပွဲစဉ် ရွေ့ဆိုင်းတဲ့ စည်းမျဉ်း ပြင်ဆင်ရန် စီစဉ်နေ

1:59 PM, 24 January

ပရီးမီးယားလိဂ်ဟာ လာမယ့် အစည်းအဝေးမှာ ကိုဗစ်နဲ့ ပတ်သက်တဲ့ စည်းမျဉ်း တွေအတွက် ဆွေးနွေးသွားဖို့ရှိနေပါတယ်။ ဇယားထိပ်ပိုင်း အသင်းကြီးတွေမှာ ပွဲစဉ်ရွေ့ဆိုင်းခံရမှုနဲ့ ပတ်သက်လို့ မမျှတမှုတွေ ရှိနေတယ်လို့  အစီရင်ခံစာတွေမှာ ဖော်ပြလာတာပါ။ အနီးစပ်ဆုံးဥပမာပေးရရင် အာဆင်နယ်အသင်း စပါးအသင်းနဲ့ ကစားရမယ့်ပွဲအတွက် ပွဲရွေ့ဆိုင်းပေးဖို့တောင်းဆိုမှုကို ပရီးမီးယားလိဂ်က ခွင့်ပြုရွေ့ဆိုင်းပေးခဲ့ပေမယ့် တကယ့်တကယ်မှာက အာဆင်နယ်လူစာရင်းမှာ ကိုဗစ်ပိုးတွေ့ရှိသူ တစ်ယောက်သာ ရှိနေခဲ့တာပါ။

ဒါကြောင့် အားလုံး အာဆင်နယ်အသင်းဟာ ကစားသမားတွေ အာဖရိကဖလားပွဲသွားတာ ၊ဒဏ်ရာရနေတာတွေကို ကိုဗစ်အကြောင်းပြ အခွင့်ကောင်းယူတယ်လို့ ပြောဆိုနေကြတာပါ။ ဒါကြောင့် လာမယ့် နှစ်ပတ်မှာ ပရီးမီးယားလိဂ် ကလပ်အသင်းတွေအနေနဲ့ ရှေ့ဆက် ဘယ်လိုအကောင်းဆုံးလုပ်ကြမလဲဆိုပြီး စည်းဝေးသွားဖို့ရှိနေပါတယ်။ အမည်မဖော်လိုတဲ့ ကလပ်အသင်းတစ်သင်းရဲ့ ဆရာဝန်တစ်ယောက်ကဆိုရင်  အခြားအသင်းတွေဟာ နည်းဥပဒေတွေကို လက်တလုံးခြား မလေးမစားလုပ်နေတယ် လို့ဆိုထားပါတယ်။

နာမည်ကျော် အားကစားဥပ ဒေရေးရာကျွမ်းကျင်သူ Nick De Marco ကတော့ "လက်ရှိကျင့်သုံးနေတဲ့ နည်းဥပဒေကို ဖယ်ထုတ်မယ်ဆိုရင် ဒါဟာ ဥပဒေဆိုင်ရာ စွန့်စားတာပဲ ဖြစ်ပါတယ်။ တွေးကြည့်ကြည့်ပါ ကလပ်အသင်းနှစ်သင်းဟာ အခြေအနေချင်း အတူတူပဲထားပါတော့ အဲ့ဒီမှာ တသင်းအတွက် ပွဲရွေ့ဆိုင်းပေးပြီး နောက်တစ်သင်းကျတော့ ပွဲရွေ့ဆိုင်းလို့မရခဲ့ဘူးဆိုရင်ပေါ့။ အဲ့လိုပွဲမရွေ့ရလို့ ကစားရတဲ့အခါ ရှုံးပီထားပါတော့။ အဲ့အသင်းဟာ တန်းဆင်းဇုန် ရောက်ချင်ရောက်မယ်၊ အဆင့်ခြောက်ဝင်ချင်မှဝင်တော့မယ် ဒါမှမဟုတ်ရင် ချန်ပီယံလမ်းကြောင်းပေါ်က ဖယ်သွေသွားမယ်ဆိုရင် ဒါဟာ ပေါင်သန်းချီပီး ထိခိုက်သွားနိုင်တဲ့ ကိစ္စမျိုးပါ။ "

"ပြီးတော့ အခုလို စည်းမျဉ်းဆိုင်ရာမမျှတမှုတွေက ဥပဒေရေးရာအတွက်လဲ စိန်ခေါ်မှု တစ်ရပ်ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ဘုတ်အဖွဲ့အတွက်လဲ ဒါဟာ လျော်ကန်တဲ့ ကိစ္စတရပ်မဟုတ်ပါဘူး။ စည်းမျဉ်းကိုပြောင်းလဲမယ်ဆိုတာရယ် စည်းမျဉ်းကို မပြောင်းလဲဘူးဆိုတာရယ် က ပရီးမီးယားလိဂ်အတွက် တကယ့် မသင့်တော်တဲ့အချက်ပါ။" လို့ပြောခဲ့ပါတယ်။ ထိုအစည်းအဝေးပွဲကတော့ လာမယ့်ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ပြုလုပ်မှာပါ။

#စပါး #အာဆင်နယ်